ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ကမ္ဘာကျော် ဝတ္ထုကြီး Vanity Fair ကို ရေးသားခဲ့သည့် အင်္ဂလိပ်စာရေးဆရာကြီး ဝီလျံ မိတ်ခ်ပိစ် သက်ကီရေး၏ လန်ဒန်စံအိမ်ကြီး ကန်ဒေါ်လာ ၆ သန်းနီးပါးဖြင့် ဈေးကွက်ဝင်လာသည်။
Vanity Fair ဝတ္ထုကြီးကို ၁၈၄၈ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး စာမျက်နှာပေါင်း ၆၂၄ မျက်နှာ ပါဝင်သည်။
အဆိုပါဝတ္ထုကြီးကို ဗြိတိန်အခြေစိုက် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Mammoth Screen ရုပ်ရှင်အဖြစ်ရိုက်ကူးကာ ဗြိတိသျှရုပ်သံလိုင်း ITV က ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်မှ အောက်တိုဘာလ ၇ ရက်အထိ ထုတ်လွှင့်ပြသခဲ့သည်။
ယခုအခါ စာရေးဆရာကြီး သက်ကီရေး၏ လန်ဒန်နေအိမ်ကြီးကို ပေါင် ၄ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၅ ဒသမ ၇ သန်း) ဖြင့် အရောင်းဈေးကွက်တင်လာခြင်းဖြစ်သည်။
သက်ကီရေးသည် အဆိုပါနေအိမ်ကြီးတွင် နေထိုင်ရင်း ၁၈၄၇ ခုနှစ်မှ ၁၈၄၈ ခုနှစ်အကြား Vanity Fair ဝတ္ထုကြီးကို ရေးသားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
လန်ဒန်မြို့၊ ကန်ဆင်တန်အရပ်၊ ယန်းလမ်းတွင် တည်ရှိသည့် အညိုရောင်အုတ်များဖြင့် ဆောက်လုပ်ထားသော နေအိမ်ကြီး၏ မျက်နှာစာတွင် အခုံးနှစ်ဖက်ပါဝင်ကာ အလွယ်တကူ မှတ်မိလွယ်သည့် အဆောက်အအုံကြီး ဖြစ်သည်။
သက်ကီရေးသည် သူ၏ ဝတ္ထုများတွင် ဝိတိုရိယခေတ်အင်္ဂလန်၏ သရုပ်သကန်များဖြစ်သော လောဘကြီးခြင်း၊ ကိန်းခန်းကြီးခြင်းတို့အပေါ် သရော်ထားလေ့ရှိသည်။
သက်ကီရေးသည် ယခုနေအိမ်ကြီးတွင် ၁၈၄၆ ခုနှစ်မှ ၁၈၅၄ ခုနှစ်အကြား ငှားရမ်းနေထိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကာလအတွင်း သူ၏ နောက်ဆုံးလက်ရာ ဝတ္ထု ၃ ခုကို ရေးသားခဲ့သည်။
ယင်းအဆောက်အအုံကြီးသည် ထိုလမ်းအတွင်း တစ်ခုတည်းကျန်ရှိတော့သည့် ခေတ်ဟောင်းအဆောက်အအုံကြီးဖြစ်ကာ အထပ် ၄ ထပ်ရှိပြီး အကျယ်အဝန်း ၅၂၅၀ စတုရန်းပေရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)