ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အီတလီနိုင်ငံရှိ ဒဏ္ဍာရီဆန်သော ရဲတိုက်ကြီးတစ်လုံးတွင် တူနှစ်ကိုယ် ရွှေဂဟေဆက်ကာ ထိမ်းမြားမင်္ဂလာဆောင်နှင်းရန် စိတ်ကူးအိပ်မက်ဖူးပါသလား။
ထိုသို့ စိတ်ကူးအိပ်မက်မက်ခဲ့ဖူးသည်ဆိုပါက ယခုအခါသင့်အတွက် အခွင့်အလမ်းပေါ်ပေါက်လာပြီ ဖြစ်ပါသည်။
အီတလီတောင်ပိုင်း၊ ဘရူဇိုဒေသရှိ အလယ်ခေတ်ရဲတိုက်ကြီးတစ်လုံးဖြစ်သော ရိုကက်စ်ကာလက်ဂ်နာအမည်ရှိ ရဲတိုက်ကြီးတစ်ခုလုံးကို ပေါင် ၁၀၀ ( ကန်ဒေါ်လာ ၁၁၄ ) မျှဖြင့် ငှားရမ်းကာ ထိမ်းမြားမင်္ဂလာပွဲ ကျင်းပနိုင်ပြီ ဖြစ်သည်။
မင်္ဂလာပွဲများအပြင် ကော့တေးပါတီများ၊ မွေးနေ့ပွဲများ၊ နှစ်ပတ်လည်အခမ်းအနားများ အစရှိသည့် တစ်သက်တွင် တစ်ကြိမ်သာကြုံရမည့် ပွဲလမ်းများကို အခမဲ့ဟု ဆိုနိုင်လောက်သည့် အလွန်နည်းပါးလှသော ဈေးနှုန်းဖြင့် ငှားရမ်းကျင်းပနိုင်မည် ဖြစ်သည်။
မြို့တော်ဝန် ဒိုမီနီကို ဂျီယန်ဂျော်ဒါနိုက လူဦးရေကျဆင်းလာနေသော မြို့ကလေးတွင် အသက်ဝင်ရှင်သန်လာစေရန် ရည်ရွယ်ကာ မကြာသေးမီကပင် ပြုပြင်မွမ်းမံမှုများ ပြုလုပ်ထားခဲ့သည့် အဆိုပါရဲတိုက်ကြီးကို အခမ်းအနားများ ကျင်းပလိုသူများအတွက် ယူရို ၁၀၀ (ကန်ဒေါ်လာ ၁၁၄) ဖြင့် ငှားရမ်းပေးရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ရဲတိုက်ကြီးတွင် အလွန်လှပသည့် ရှုခင်းများပိုင်ဆိုင်ထားရာ အေပန်နိုင်း တောင်တန်းများ၏ နှင်းဖုံးတောင်ထိပ်များမှသည် အဝေးဆီရှိ အေဒရီယန်ပင်လယ်ပြာအထိ တမျှော်တခေါ် ရှုမြင်နိုင်သည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ငွေရဖို့ မဟုတ်ပါဘူး။ အလွန်ထူးခြားလှတဲ့ ဒီနေရာကို အသုံးပြုပြီး အထက်တန်းစား ဖောက်သည်တွေကို ဆွဲဆောင်ခြင်းအားဖြင့် ဒေသတွင်း စီးပွားရေး ပြန်လည်ထူထောင်နိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်”ဟု ဂျီယန် ဂျော်ဒါနိုက ပြောကြားသည်။
ရဲတိုက်ကြီးကို “ကောင်းကင်ပေါ်မှ ရဲတိုက်ကြီး”ဟု အမည်ပေးထားပြီး စတုရန်းမီတာ ၇၀၀ ခန့် ကျယ်ဝန်းကာ ထိမ်းမြားမင်္ဂလာပွဲများ ကျင်းပနိုင်ရန်အတွက် ဘုရားကျောင်းတစ်ခုလည်း ပါဝင်သည်။
ထို့အပြင် ညနေခင်း ကော့တေးပါတီပွဲများ ကျင်းပနိုင်မည့် မျှော်စင်တစ်ခု၊ ဖယောင်းတိုင်ထွန်းညစာစားပွဲများ ကျင်းပသည့်နေရာအဖြစ် အသုံးပြုနိုင်မည့် ရှေးခေတ်က နှိပ်စက်ညှင်းပန်းမှုများ ပြုလုပ်ခဲ့သည့် အခန်းများ ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည