ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကာဒါရှီယန်ညီအစ်မများမှ တစ်ဦးဖြစ်သော ကမ္ဘာကျော်စူပါမော်ဒယ် ကင်ဒဲဂျင်းနာနှင့် သူ၏ချစ်သူ သြစတေးလျ ဘတ်စ်ကက်ဘောသမား ဘင်ဆိုင်မွန်တို့သည် လော့စ်အိန်ဂျလိမြို့၊ အနောက်ဟောလိဝုဒ်ရှိနေအိမ်တစ်လုံးကို ငှားရမ်းနေထိုင်လျက်ရှိသည်။
ကင်ဒဲဂျင်းနာနှင့် NBA player ဘင်ဆိုင်မွန်တို့အတွက် အနောက်ဟောလိဝုဒ်ရှိ အိပ်ခန်း ၅ ခန်း ၊ ရေချိုးခန်း ၆ ခန်းပါ နေအိမ်မှာ ပြီးပြည့်စုံသော နွေရာသီချစ်စံအိမ်ဖြစ်လာမည် ဖြစ်သည်။ အံ့အားသင့်ဖွယ်ရာမှာ အိမ်ငှားခဖြစ်ပြီး တစ်လလျှင် ကန်ဒေါ်လာ ၂၅၀၀၀ အထိ ပေးရသည်ဟု ဆိုသည်။
နေအိမ်အကျယ်အဝန်း စတုရန်းပေ ၄၀၅၂ ရှိပြီး ခေတ်မီ ၂ ထပ်အိမ်ဖြစ်ကာ ၂၀၁၃ ခုနှစ်ကမှ ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။
တည်နေရာမှာ လော့စ်အိန်ဂျလိမြို့၊ အနောက်ဟောလိဝုဒ်အရပ်၏ လူကြိုက်အများဆုံးနေရာတွင် တည်ရှိသည်။
ဧည့်ခန်းနှင့် မီးဖိုဆောင်တစ်ဆက်တည်းတည်ရှိပြီး မီးဖိုဆောင်တွင် နှမ်းဖတ်ကျောက်ဖြင့်ပြုလုပ်ထားသော Caesarstone countertops များ ခင်းကျင်းထားပြီး အဆင့်မြင့်မီးဖိုဆောင်သုံးပစ္စည်းများ ထည့်သွင်းပေးထားကာ မီးဖိုဆောင်အလယ်တွင် ခုံရှည်များစွာ ချထားပေး သောကြောင့် ကင်ဒဲလ်၏ ညီအစ်မများ စုဝေးကာ စကားစမြည် ပြောနိုင်မည် ဖြစ်သည်။
Master bedroom တွင် အီတလီအုပ်ကြွပ်များဖြင့် Spa အသွင်မွမ်းမံထားပြီး တန်ဖိုးကြီးမားသော ရေပန်းတစ်ခု၊ ရေစိမ်ကန်တစ်ခုတို့ ပါဝင်ကာ ကျယ်ဝန်းသော လသာဆောင်မှတစ်ဆင့် မြို့အလှကိုလည်း ခံစားနိုင်သေးသည်။
ကင်ဒဲလ်ဂျင်းနာသည် ယခုနေအိမ်သာရှိသည်မဟုတ်ဘဲ ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်းက လော့စ်အိန်ဂျလိမြို့၊ နာမည်ကျော် ဘီဗာလီဟေးအရပ်တွင် နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၈ ဒသမ ၅၅ သန်းဖြင့် ဝယ်ယူထားခဲ့သေသည်။
အဆိုပါနေအိမ်ရှိရာဒေသသည် တန်ဖိုးကြီးလူနေရပ်ကွက်ဖြစ်ပြီး ဒီဂျေ ခါလက်မှသည် ခရစ္စတီးနား အဂွဲလဲရားတို့ထိ နာမည်ကျော်များ နေထိုင်ကြသည့် နေရာဖြစ်သည်။
လက်ရှိအားဖြင့် ကင်ဒဲဂျင်းနာက အဆိုပါနေအိမ်ကို ပြုပြင်မွမ်းမံမှုများ ပြုလုပ်လျက်ရှိနေသည်။
ယင်းနေအိမ်သည် နာမည်ကျော်များနှင့် ဆက်နွှယ်နေသည့် သမိုင်းကြောင်းများရှိခဲ့၏။
မူလတွင် ချာလီရှင်းက ဇနီး (ဟောင်း)ဖြစ်သူ ဘရွတ်ခ် မူလာအတွက် ၂၀၁၂ ခုနှစ်တွင် ဝယ်ယူပေးခဲ့ခြင်းဖြစ်သည်။
ယင်းနောက် ၂၀၁၃ ခုနှစ်တွင် ချာလီရှင်းက အရောင်းဈေးကွက်တင်ကာ ရောင်းထုတ်ရန် ကြိုးပမ်းခဲ့သော်လည်း ၂၀၁၆ ခုနှစ်အထိ ရောင်းမထွက်ခဲ့ချေ။
၂၀၁၆ ခုနှစ်သို့ရောက်မှသာ ကန်ဒေါ်လာ ၅ ဒသမ ၄၁၅ သန်းဖြင့် ရောင်းထွက်သွားခဲ့သည်။
ကင်ဒဲလ်ဂျင်းနာ ပထမဆုံးဝယ်ယူခဲ့သည့်နေအိမ်မှာလည်း အနောက်ဟောလိဝုဒ်တွင်ပင်ဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၆ သန်းပေးခဲ့ ရသည်။
ယင်းနောက်ပိုင်းတွင် အနောက်ဟောလိဝုဒ်တွင်ပင် ဂျွန် ကရာစင်စကီးနှင့် အင်မလီဘလန့်တို့၏ နေအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ကာ ကန်ဒေါ်လာ ၆ ဒသမ ၈၅ သန်းဖြင့် ပြန်လည်ရောင်းထုတ်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)