ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ယခုနှစ်တတိယသုံးလပတ်အတွင်း စင်္ကာပူနိုင်ငံ၏ ဂျီဒီပီ (ပြည်တွင်းအသားတင်ထုတ်ကုန် သို့မဟုတ် စီးပွားရေး) သည် ယခုနှစ်ဒုတိယသုံးလပတ်ထက် ၃ ဒသမ ၀ ရာခိုင်နှုန်း မြင့်တက်ဖွံ့ဖြိုးခဲ့ပြီး ယမန်နှစ် တတိယသုံးလပတ်ထက်လည်း ၂ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း Business Times စင်္ကာပူသတင်းစာတွင် ဖော်ပြချက်အရ သိရသည်။
စီးပွားရေးကျွမ်းကျင်ပညာရှင်များ ကြိုတင်ခန့်မှန်းခဲ့ကြသည့် သုံးလပတ်အလိုက် ပျမ်းမျှဖွံ့ဖြိုးနှုန်း ၄ ဒသမ ၂ ရာခိုင်နှုန်းနှင့် နှစ်ပတ်လည်အလိုက်ဖွံ့ဖြိုးနှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းတို့အောက် များစွာကွာဟခဲ့ပေသည်။
စင်္ကာပူတွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေး စည်းမျဉ်းတင်းကျပ်မှုသစ်များက အိမ်ခြံမြေကဏ္ဍနှင့် ဆောက်လုပ်ရေးကဏ္ဍတို့အပေါ် ဖိစီးမှုများဖြစ်စေမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေစဉ် ထိုစီးပွားရေးဖွံ့ဖြိုးနှုန်းသုံးသပ်ချက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
အထူးသဖြင့် စင်္ကာပူဆောက်လုပ်ရေးကဏ္ဍသည် အများပြည်သူကဏ္ဍဆောက်လုပ်ရေးလှုပ်ရှားမှုများ အားပျော့လာခြင်းကြောင့် ယခုနှစ် တတိယသုံးလပတ်ကာလအတွင်း ၂ ဒသမ ၃ ရာခိုင်နှုန်းသာ ဖွံ့ဖြိုးခဲ့ပြီး ဒုတိယသုံးလပတ်၏ ဖွံ့ဖြိုးနှုန်း ၄ ဒသမ ၂ ရာခိုင်နှုန်းအောက် ကျဆင်းခဲ့သည်။
ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာနကလည်း ၂၀၁၈ တစ်နှစ်တာလုံးအတွက် စင်္ကာပူစီးပွားရေးဖွံ့ဖြိုးနှုန်းအား ၃ ဒသမ ၀ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းအကြား တိုးတက်မည်ဟု ခန့်မှန်းထားသည်။ သို့ရာတွင် လာမည့်နှစ်တွင်လည်း ပိုမိုအားပျော့စွာ ၁ ဒသမ ၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၅ ရာခိုင်နှုန်းအကြား တိုးတက်မည်ဟုလည်း ခန့်မှန်းထားသည်။
၎င်းမှာ အီလက်ထရောနစ်ပစ္စည်းများအား ကမ္ဘာလုံးဆိုင်ရာ ဝယ်လိုအားကျဆင်းမှုနှင့် ဆက်လက်ဖြစ်ပွားလျက်ရှိသော အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲတို့ကြောင့် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ၂၀၁၇ ခုနှစ် ဒုတိယနှစ်ဝက်ကတည်းက ခွင့်ပြုချထားခဲ့သော ကန်ထရိုက်လုပ်ငန်းများ လာမည့်သုံးလပတ်အနည်းငယ်အတွင်း စတင်ကြမည်ဖြစ်သဖြင့် ဆောက်လုပ်ရေးလှုပ်ရှားမှုများ ၂၀၁၉ ခုနှစ်မကုန်မီ ပြန်လည်နာလန်ထူအသက်ဝင်လာနိုင်ကြောင်းလည်း ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းခဲ့သည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com