ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်တိုင်းဒေသကြီးတွင်နောက်ထပ် အိမ်ရာအလုံးပေါင်းသုံးသိန်းခန့်လိုအပ်နေကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားသည်။
“အိမ်ရာနဲ့ပတ်သက်တဲ့ဈေးကွက်ကအခုချိန်မှာအရောင်းအ၀ယ်မဖြစ်ဘူးလို့ ပြောနေတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ နေစရာမရှိတဲ့သူတွေများစွာရှိနေတယ်ဆိုတာ အားလုံးမျက်မြင်တွေ့နေရတာ ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ဆိုသည်။
ရန်ကုန်မြို့ပေါ်တွင် နေစရာမရှိသည့်အတွက် ကျူးကျော်ထိုင်သည့် အိမ်ထောင်စုပေါင်း တစ်သိန်းခွဲလောက်ခန့်ရှိပြီး လူဦးရေအားဖြင့် လေးသိန်းဝန်ကျင်ရှိနေကြောင်းပြောကြားသည်။
ဒါအပြင် အိမ်ပိုင်မရှိသည့် အစိုးရ၀န်ထမ်းနှင့် ကုမ္ပဏီဝန်ထမ်းများရှိသည့်အတွက် ကျူးကျော်အိမ်ထောင်စုတစ်သိန်းခွဲခန့်အပါအ၀င် ရန်ကုန်တွင်အိမ်ရာသုံးသိန်းလိုအပ်နေခြင်းဖြစ်ကြောင်း ဦးဖြိုးမင်းသိန်းက ရှင်းပြသည်။
ယင်းအိမ်ရာလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မြေနေရာနှင့် ရင်းနှီးမြှုပ်နှံမည့်သူများကို ရှာဖွေနေဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
JMHU စီမံကိန်းတွင် တန်ဖိုးနည်းအိမ်ရာများကို သင့်တင့်မျှတသည့်ဈေးနှုန်းတစ်ခု ဖြင့်တည်ဆောက်ရောင်းချရန် ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့သည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com