ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဗီယက်နမ်နိုင်ငံ၏ အိမ်ခြံမြေဈေးကွက်တွင် တန်ဖိုးကြီးနေအိမ်များသာ ရောင်းလိုအားများပြားနေပြီး တန်ဖိုးသင့်နေအိမ်များ အရောင်းဈေးကွက်တွင် အလွန်နည်းပါးလျက်ရှိသောကြောင့် များစွာဆောက်လုပ်ရန် လိုအပ်လျက်ရှိနေသည်။
အိမ်ခြံမြေဈေးကွက်ကျွမ်းကျင်ပညာရှင် ဒန်ဟွမ် ဗိုက Dan Viet သတင်းစာက ကြီးမှူးကျင်းပသည့်ကွန်ဖရင့်တစ်ခု၌ ပြောကြားခဲ့ရာတွင် အိမ်ခြံမြေဈေးကွက်ထုတ်လုပ်မှုမှာ ဝယ်လိုအားကို ဖြည့်တင်းနိုင်ခြင်းမရှိကြောင်းနှင့် အထူးသဖြင့် ဟနွိုင်းနှင့် ဟိုချီမင်းမြို့တော်တို့တွင် ဖြစ်ကြောင်း ပြောကြားသည်။
တန်ဖိုးကြီးနေအိမ်ခန်းများမှာ ရောင်းလိုအားပိုလျှံနေသော်လည်း တန်ဖိုးသင့်နေအိမ်များမှာမူ ပြတ်လတ်လျက်ရှိကြောင်း ဒန်ဟွမ်ဗိုက ထောက်ပြသည်။
စီးပွားရေးစီမံခန့်ခွဲမှု ဗဟိုအင်စတီကျု (CIEM) မှ အချက်အလက်များအရ ဗီယက်နမ်သည် မြို့ပြအသွင်ပြောင်းလဲမှုများ အဆောတလျင် အကောင်အထည်ဖော်လျက်ရှိရာတွင် နှစ်စဉ်နှစ်တိုင်း ဟနွိုင်းနှင့် ဟိုချီမင်းမြို့တော်တို့ကဲ့သို့ မြို့ကြီးများသို့ ကျေးလက်ဒေသများမှ ပြောင်းရွှေ့အခြေချသူပေါင်း တစ်သန်းခန့်ရှိနေပြီး အဆိုပါကိန်းဂဏန်းမှာ ဆက်လက်မြင့်တက်နေဖွယ်ရာ ရှိသည်။
ထို့ကြောင့် မြို့ကြီးများ၏ တန်ဖိုးသင့်လူနေအိမ်ခန်း ဝယ်လိုအားလည်း မြင့်တက်လာနေခြင်း ဖြစ်သည်။
တန်ဖိုးနည်းနေအိမ်ဝယ်လိုအားမှာ အိမ်ခြံမြေဈေးကွက်တစ်ခုလုံး ဝယ်လိုအား၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။
လက်ရှိ ရောင်းလိုအားဖြည့်တင်းပေးနိုင်မှုမှာမူ ၂၀ ရာခိုင်နှုန်းအောက်သာရှိနေသည်။
အထူးသဖြင့် စတုရန်းမီတာ ၆၀ ခန့်အကျယ်အဝန်းရှိပြီး ဒေါင်ငွေ သန်း ၇၀၀ (ကန်ဒေါ်လာ ၃၀၅၀၀) အောက် တန်ဖိုးသင့် လူနေအိမ်ခန်း ရောင်းလိုအားမှာ ၅ ရာခိုင်နှုန်းခန့်သာ ရှိနေသည်။
အစိုးရ၏ တန်ဖိုးနည်းအိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းမှာလည်း ပုဂ္ဂလိကကဏ္ဍမှ ရင်းနှီးမြှုပ်နှံမှုများ ရရှိအောင်မလုပ်ဆောင်နိုင်ခြင်းကြောင့် အောင်မြင်မှုမရခဲ့ကြောင်း ဒန်ဟွမ်ဗိုက ပြောကြားသည်။
အထက်ပါအခြေအနေများအရ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်နိုင်ရေး အထောက်အပံ့ပေးမည့်မူဝါဒများ ချမှတ်နိုင်ရန် အရေးကြီးကြောင်း ဒန်ဟွမ်ဗိုက ပြောကြားခဲ့သည်။
CIEM မှ လက်ထောက်ညွှန်ကြားရေးမှူး ထရန် ကင်မ်ချန်ကလည်း ဒန်ဟွမ်ဗိုက ပြောကြားချက်ကို သဘောတူထောက်ခံခဲ့ပြီး တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရေး အာရုံစိုက်သင့်ကြောင်း ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)