ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ငါးနှစ်ကြာဆောက်လုပ်ရန်ကြန့်ကြာနေသည့် လမ်းသစ်အိမ်ရာစီမံကိန်းအားလုံးကို၃နှစ်ကြာဆောက်လုပ်အကောင်ထည်ဖော်သွားမည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့်အိမ်ရာဖွံဖြိုးရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
"လမ်းသစ်ရိပ်သာ ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို မြို့ပြရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြန်လည်စီစဉ်တဲ့အစီအစဉ်တွေထဲမှာ မူလအဆောက်အဦတွေကို ယာယီရွေ့ပြောင်းပြီး ဒီနေရာကို ပြန်လည်တည်ဆောက်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ မူလနေထိုင်သူတွေကို စနစ်တကျ နေရာပြန်လည်နေရာချထားနိုင်ဖို့အတွက် ယာယီနေထိုင်မှုတွေကို စီစဉ်ဆောင်ရွက်ပေးရတဲ့ အခက်အခဲတွေရှိပါတယ်။" ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောသည်။
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်အတွင်းရှိ လမ်းသစ်ရိပ်သာအဆောက်အဦသည် မြို့ပြ၏ အထင်ကရနေရာကြီး တစ်ခုဖြစ်သည့်အတွက် ယင်းနေရာတွင်တည်ဆောက်လာမည့် အဆောက်အဦများသည် ရန်ကုန်မြို့၏ အမှတ်သင်္ကေတများအဖြစ် ပေါ်ထွန်းလာမှာဖြစ်ကြောင်း၊ အဆင့်မြှင့်အိမ်ရာတွေကို တည်ဆောက်သလို တစ်ဖက်မှာလည်း တန်ဖိုးနည်းအိမ်ရာတွေကို တည်ဆောက်ပြီး နေရေးထိုင်ရေးအတွက် အခက်အခဲဖြစ်နေသည့် ရွေ့ပြောင်းလုပ်သားတွေ၊ အစိုးရဝန်ထမ်းထဲကနေ အရာရှိကြီးများမဟုတ်သည့် တခြားသော အဆင့်တွေအတွက်ပါ နေရေးအဆင်ပြေနိုင်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍနယ်ပယ်တွေမှာ လုပ်ကိုင်နေကြသည့် ဝန်းထမ်းတွေ အားလုံးအတွက် အဆင်ပြေနိုင်ဖို့အတွက် အိမ်ရာစီမံကိန်းတွေကို ဆောင်ရွက်ပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားကြရမှာ ဖြစ်ကြောင်း ၀န်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနှင့် SAE PAING Development Limited တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သော လမ်းသစ်အိမ်ရာစီမံကိန်း၏ ကဏ္ဍ(၄)ခုတွင် လူနေအိမ်များ၊ ရုံးခန်းများ၊ ကားအစီးရေ(၈၀၀)ဆန့် ကားပါကင်နှင့် ရေကူးကန်များ ပါဝင်သော (၂၅)ထပ်တိုက် နှစ်လုံး၊ (၆)ထပ်တိုက် Shop House (၂၈)လုံး၊ Bus Interchange ဖြစ်သော Taxi Stand နှင့် စီမံကိန်းဘေး၏ ကျုံးကြီးမြောင်း တစ်လျှောက် ပေ(၈၇၀)ရှိ အများပြည်သူ အသုံးပြုနိုင်သော အဆင့်မြင့် အမိုးအကာပါ လူသွားစင်္ကြန်များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအိမ်ရာတည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူမှုကို ပြီးခဲ့သည့်၂၀၁၆ခုနှစ်အတွင်းပြုလုပ်ခဲ့ပြီး အိမ်ရာတည်ဆောက်ရေးအတွက် မူလနေထိုင်သူများနှင့်အကြိမ်ကြိမ်ငြိနှိုင်းဆွေးနွေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
လမ်းသစ်ရိပ်သာပြန်လည်တည်ဆောက်ရန်မူလနေထိုင်သူများနှင့်ဆွေးနွေးမှုများကိုပြီးခဲ့သည့် ၂၀၁၄ခုနှစ်အတွင်းစတင်ဆောင်ရွက်ခဲ့ပြီး အဆင်မပြေမှုများကြောင့် လုပ်ငန်းတည်ဆောက်ရန်ကြံကြာနေခြင်းဖြစ်သည်။
လက်ရှိတွင်မူလနေထိုင်သူများကို ပြောင်းရွေ့စရိတ်များနှင့် ပြန်လည်ဌားရမ်းနေထိုင်ရန် အိမ်ငှါးခများသတ်မှတ်ထားပြီးနှစ်ဦးနှစ်ဖက်ပြေလည်မှုများကြောင့်စတင်ဆောက်လုပ်အကောင်ထည်ဖော်ခြင်းဖြစ်သည်။
မင်းချို ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com