ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
SIMCA အော်တိုမိုဘိုင်း (Société Industrielle de Mécanique et Carrosserie Automobile) ကုမ္ပဏီသည် ပြင်သစ်မော်တော်ကား ကုမ္ပဏီဖြစ်ပြီး ဖိယက်ကုမ္ပဏီမှ ၁၉၃၄ ခုနှစ်၊ နိုဝင်ဘာလတွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် ဖိယက်နှင့် SIMCA တို့ ပူးပေါင်းလိုက်ကြပြီး ၁၉၇၀ ပြည့်နှစ်တွင်ကား SIMCA သည် သီးခြားကုမ္ပဏီအဖြစ် ရပ်တည်မှု ရပ်ဆိုင်းသွားကာ ခရိုင်စလာ (ဥရောပ)၏ ကုမ္ပဏီခွဲတစ်ခု ဖြစ်လာသည်။
၁၉၇၈ ခုနှစ်တွင် ခရိုင်စလာသည် အခြားသော ပြင်သစ်မော်တော်ကားကုမ္ပဏီဖြစ်သော PSA Peugeot Citroën တွင် ပြောင်းလဲ၍ ရင်းနှီးမြှုပ်နံမှုပြုလုပ်ခဲ့ရာ SIMCA မှာ ပျောက်ကွယ်သွားခဲ့ရသည်။
ထိုခေတ်ထိုအခါတွင်ကား SIMCA သည် ပြင်သစ်နိုင်ငံ၏ အကြီးမားဆုံးသော မော်တော်ကား ကုမ္ပဏီများတွင် တစ်ခု အပါအဝင်ဖြစ်ခဲ့ပြီး SIMCA 1100 မော်ဒယ်သည် ပြင်သစ်တွင် အရောင်းရဆုံးမော်တော်ကားဖြစ်ခဲ့ဖူးသည်။
ယခုအခါ SIMCA ၏ အမွေခံ၊ စွန့်ဦးလုပ်ငန်းရှင်၊ ဓာတ်ပုံပညာရှင်၊ အနုပညာလက်ရာများစုဆောင်းသူ ယန်း ဂျွန်နီ ပီဂိုဇီသည် နယူးယောက်ရှိ triplex penthouse ခန်းကို အရောင်းဈေးကွက်ပြန်တင်လာသည်။
ပီဂိုဇီသည် ဂျီနီဗာမှသည် ပဲရစ်၊ ပနားမားနှင့် နယူးယောက်တို့အထိ ကမ္ဘာတစ်ဝန်းတွင် နေအိမ်ပေါင်းများစွာ ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်သည်။
နယူးယောက်မြိ့၊ Upper West Side အရပ်၊ အနောက် ၆၇ လမ်း၊ အမှတ် ၁ တွင် တည်ရှိသည့် အဆိုပါအခန်းကို ကန်ဒေါ်လာ ၁၁ ဒသမ ၉၉ သန်းဈေးခေါ်ကာ ဈေးကွက်ပြန်တင်လာခြင်းဖြစ်ရာ မူလခေါ်ဈေးဖြစ်သော ကန်ဒေါ်လာ ၁၈ သန်းအောက် များစွာလျှော့ချပေးလိုက်ခြင်းလည်း ဖြစ်သည်။
“ဂျွန်နီဟာ ကမ္ဘာပေါ်က အကြီးကျယ်ဆုံးပုဂ္ဂိုလ်ကြီးတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်”ဟု အယ်လ်တန်ဂျွန်က ပြောခဲ့ဖူးသည်။
“ဓာတ်ပုံတွေရိုက်နေတာအပြင် သူဘာတွေလုပ်လဲဆိုတာတော့ ကျွန်တော်တကယ်မသိပါဘူး” ဟုလည်း အယ်လ်တန်ဂျွန်က ဆိုသည်။
ပီဂိုဇီသည် သူ၏ ဆရာများတွင် အင်ဒီဝါးဟိုးလည်း ပါဝင်သည်ဟုဆိုထားပြီး အာဖရိက အနုပညာလက်ရာပေါင်း ၁၀၀၀၀ ကျော် စုဆောင်းထားမှုဖြင့်လည်း နာမည်ကျော်သည်။
ယခုအခန်းကို ဈေးကွက်တင်ပေးသူမှာ Corcoran ကုမ္ပဏီမှ အကျိုးဆောင်၊ “Million Dollar Listing New York” ရုပ်သံအစီအစဉ်တွင် ပါဝင်သရုပ်ဆောင်လျက်ရှိသူ စတိဗ်ဂိုးဖြစ်သည်။
နေအိမ်ခန်းအကျယ်အဝန်း ၇၆၅၂ စတုရန်းပေရှိပြီး အိပ်ခန်း ၆ ခန်းပါဝင်ကာ ဧည့်ခန်းတစ်ခုတည်း၏ အကျယ်အဝန်းသည်ပင်လျှင် ၁၁၈၀ စတုရန်းပေကျယ်ဝန်းကာ ကွယ်လွန်သွားပြီဖြစ်သော အီတလီဗိသုကာပညာရှင် အက်တိုရီ ဆော့ဆက်စ်က ဒီဇိုင်းရေးဆွဲပေးခဲ့ခြင်းဖြစ်သည်။
Master bedroom ကို စတုရန်းပေ ၈၂၇ ကျယ်ဝန်းသည့် အမိုးပေါ်လသာဆောင်နှင့် ဆက်သွယ်ပေးထားပြီး Central Park ၏ အလှများကို ကြည့်ရှုခံစားနိုင်သည်။
ပီဂိုဇီသည် ပနားမားတွင် ပိုင်ဆိုင်ထားသည့် ကိုယ်ပိုင်ကျွန်းတစ်ခုပေါ်တွင် Liquid Jungle Lab အမည်ရှိ သဘာဝပတ်ဝန်းကျင် သုတေသနစင်တာတစ်ခု မကြာသေးမီကပင် ဆောက်လုပ်လျက်ရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)