ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
တိုက်ခန်းနဲ့ အဆောက်အအုံဆိုင်ရာဥပဒေအဆိုပြုမူ ကြမ်းက အိမ်ခြံမြေလောကသားတွေအတွက် ပြန်လည်ပြီး ဈေးကွက်ကောင်းလာဖို့ မျှော်လင့်ရတဲ့ မျှော်လင့်ချက်တစ်ခုလည်းဖြစ်လာပါတယ်။
အိမ်ရှင်နှင့် ကန်ထရိုက်တာများကြား ဖြစ်ပွားနေသည့် ပဋိပက္ခများ၊ မြေရှင်နှင့် ဝယ်ယူသူများကြား ဖြစ်ပေါ်နေသည့် ပိုင်ဆိုင်မှုဆိုင်ရာပြဿနာများကို တိုက်ခန်းဆိုင်ရာဥပဒေကဖြေရှင်းနိုင်မည်ဟု ကန်ထရိုက်တာများက မျှော်လင့်နေကြသည်။
ထို့ပြင် စာချုပ်စာတမ်းခိုင်မာမှုများကြောင့် ရောင်းသူ၊ ဝယ်သူများအနေဖြင့် ဘဏ်များ၏ချေးငွေရရှိမှု ပိုမိုကောင်းမွန် လာလိမ့်မယ်လို့ လည်းယုံကြည်နေကြတာပါ။
တိုက်ခန်းနဲ့ အဆောက်အအုံဆိုင်ရာ ဥပဒေကြမ်း Apartment Law ထွက်ပေါ်လာပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် တိုက်ခန်းပိုင်ဆိုင်မှု ခိုင်မာလာမည်ဖြစ်သောကြောင့် အိမ်ခြံမြေအရောင်းအဝယ်ဈေးကွက် ပြန်လည်ကောင်းမွန်လာနိုင်ကြောင်း ကျွမ်းကျင်သူတွေကဆိုပါတယ်။ တိုက်ခန်းပိုင်ဆိုင်မှု ပိုမိုခိုင်မာစေတဲ့ တိုက်ခန်း၊ အိမ်ရာအဆောက်အအုံဆိုင်ရာ ဥပဒေ အဆိုပြုမှုကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်ပြထားပါပြီ။
လက်ရှိမှာ တိုက်ခန်းနဲ့ ပက်သက်ပြီး လွှဲပြောင်းရောင်းချတဲ့အခါ ဝယ်သူ၊ ရောင်းသူတွေရဲ့ ပိုင်ဆိုင်မှု၊ ဆောက်လုပ်မှုတွေမှာ သတ်မှတ်တဲ့ ပြဋ္ဌာန်းချက်တွေ မရှိတဲ့အတွက် ဥပဒေတစ်ခု အမှန်တကယ်လိုအပ်နေတာ ဖြစ်ပါတယ်။
အခုလို ပြဿနာတွေကို ပြေလည်စေဖို့အတွက် တိုက်ခန်း၊ အိမ်ရာအဆာက်အအုံဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းနိုင်ဖို့ ကြိုးစားနေကြပါတယ်။
' ပြည်သူက ရေးဆွဲတဲ့ဥပဒေတစ်ခုဖြစ်တယ်၊ အောက်ခြေကနေအပေါ်ထိတင်တဲ့ ဥပဒေဖြစ်တယ်၊ အဲဒီကနေ ပြည်သူ့လွှတ်တော်ရေးရာကော်မတီတွေက အဆင့်ဆင့်ကြားနာလိမ့်မယ်၊ လိုတာတွေပြင်မယ်၊ ဖြည့်မယ်၊ ဖြုတ်မယ်၊ အဲဒါတွေ ပြီးရင် ဥပဒေကြမ်းကော်မတီကို တင်မယ်၊ ဥပဒေကြမ်းကော်မတီက ကြားနာပြီးပြီဆိုရင် အမျိုးသားလွှတ်တော်တို့ ပြည်သူ့လွှတ်တော်တို့ကို တင်မယ် ' လို့ Apartment Law ကို ဦးဆောင်ရေးဆွဲနေတဲ့ MLCA နာယကဖြစ်သူ တရားလွှတ်တော်ရှေ့နေဦးအုန်းမောင်က ပြောပါတယ်။
လက်ရှိအခြေအနေတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ယိုင်နဲ့နေပြီး အရောင်းအဝယ်ဈေးကွက် အေးစက်နေသည့်အပြင် ငွေကြေးဈေးကွက်မတည်ငြိမ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးကြီးမြင့်နေခြင်း၊ ဘဏ်များမှ ချေးငွေရရှိမှု အားနည်းနေခြင်း အခက်အခဲပေါင်းစုံဖြင့် ရင်ဆိုင်နေကြရတဲ့အခြေအနေဖြစ်ပါတယ်။
ဒါ့ကြောင့်ဒီအခြေအနေတွေကိုကျော်လွှားနိုင်ဖို့ တိုက်ခန်းအိမ်ရာဆိုင်ရာဥပဒေအမြန်ဆုံးပေါ်ထွက်လာဖို့ လိုအပ်နေတဲ့အခြေအနေပဲဖြစ်ပါတယ်။
နေးရှင်းမြန်မာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com