ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကီနူးရိဗ်နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သော Speed ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သူ၊ အော်စကာဆုရှင် ဟောလိဝုဒ်ကြယ်ပွင့် ဆန်ဒရာဘူးလော့ခ်ပိုင်ဆိုင်ထားကာ တစ်လလျှင် ဒေါ်လာ ၁၅၀၀၀ ဖြင့် ငှားရမ်းပေးနေသော ဟောလိဝုဒ်ရှိစံအိမ်ကြီးမှာ ယခုအခါ ကန်ဒေါ်လာ ၃ သန်းနီးပါးဖြင့် ရောင်းထွက်သွားပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၏ နာမည်ကျော် Hollywood Hills အရပ်တွင် တည်ရှိပြီး မူလက တစ်လလျှင် ကန်ဒေါ်လာ ၁၅၀၀၀ ဖြင့် အငှားချထားလျက်ရှိသည့် နေအိမ်လည်း ဖြစ်သည်။
(ဆန်ဒရာဘူးလော့ခ်က အဆိုပါစံအိမ်အား အငှားချထားသည့်သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားတင်ပြခဲ့ဖူးရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/570639 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်)
ဆန်ဒရာဘူးလော့ခ်သည် အဆိုပါနေအိမ်ကို ပြီးခဲ့သော ဇူလိုင်လအတွင်းကလည်း ကန်ဒေါ်လာ ၂ ဒသမ ၉၉၅ သန်းဖြင့် အရောင်းဈေးကွက် တင်ခဲ့ဖူးသည်။
၂၀၀၁ ခုနှစ်တွင် ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၁ ဒသမ ၄၈၅ သန်းပေးခဲ့ရပြီး ယခုရောင်းထွက်သွားသည့် ဈေးနှုန်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၉၂၅ သန်းဖြင့်ဖြစ်ရာ ဆန်ဒရာဘူးလော့ခ်အဖို့ ကန်ဒေါ်လာ တစ်သန်းခွဲနီးပါး မြတ်စွန်းခဲ့သည်။
ကယ်လီဖိုးနီးယား ဘန်ဂလိုဗိသုကာဟန်ဖြင့် ၁၉၄၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည့် အဆိုပါစံအိမ်ကြီးတွင် ဟောလိဝုဒ်ရွှေခေတ်၏ အငွေ့အသက်များစွာ ခံစားနိုင်မည်လည်း ဖြစ်သည်။
နေအိမ်အကျယ်အဝန်း ၃၁၅၃ စတုရန်းပေရှိပြီး ပရိဘောဂအပြည့်အစုံထည့်သွင်းပေးထားကာ တစ်ထပ်အဆောက်အအုံဖြစ်သည်။
ဧည့်ခန်းအတွင်းတွင် ကြီးမားသည့်မျက်နှာကြက်ခုံးကြီးမှာ မီးလင်းဖိုကြီး၏ အထက်တွင် ခန့်ထည်စွာ တည်ရှိသည်။
စားသောက်ခန်းနှင့် မီးဖိုဆောင်တွဲလျက်တည်ရှိပြီး မီးဖိုဆောင်မှတစ်ဆင့် ကျောက်တုံးဆိပ်ခံပြုလုပ်ထားသည့် ရေကူးကန်၊ spa နှင့် ရေကန်ဘေးလသာဆောင်တစ်ခု ဆောက်လုပ်ထားသည်။
ထိုနေရာမှတစ်ဆင့် လော့စ်အိန်ဂျလိ၏ အလှကို ရှုမြင်ခံစားနိုင်သည်။
ဆန်ဒရာဘူးလော့ခ်သည် ဘီဗာလီဟေးလ်တွင်လည်း ကန်ဒေါ်လာ ၁၆ သန်းတန် နေအိမ်တစ်လုံးပိုင်ဆိုင်ထားသေးပြီး အဆိုပါနေအိမ်ဘေးတွင် ကမ္ဘာကျော်အဆိုတော် ရစ်ကီမာတင် နေထိုင်သည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)