ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပုဂ္ဂလိကသတင်းစာတွေမှ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်း၏ တရားဝင်စစ်ဆေးချက်အရ တွေ့ရှိ ရသည့် ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနအိမ်ရာတိုက်ခန်းများရှိ တိုက်အလုံး ၁၀၀ တွင် ၂၈ ရာခိုင်နှုန်းသည် အလွန်ဆိုးရွား သည့်အခြေအနေတွင် ရှိနေကြောင်း ဖတ်ရှုခဲ့ရသည်။
ဤသို့သော သတင်းမျိုးကို ဖတ်မိရသည့်အခါ တရားလည်းရမိပါသည်။ လူတို့စိတ်လက်အေးချမ်းစွာ အနားယူနေထိုင်ရမည့် အိမ်ဂေဟာသည် စိုးတထိတ်ထိတ်နှင့် နှစ်ခြိုက်စွာ အိပ်စက်ဖို့ ခက်ရချည်ရဲ့ဟု တွေးမိသည်။ တစ်ရေးနိုးလို့ ကိုယ့်အသားကို ကိုယ်ဆိတ်ကြည့်ပြီး သြော် ငါ့အသက်နှင့် ခန္ဓာ ဒွန်တွဲနေပါသေးလားဟု သက်ပြင်းချရမည့်အခြေအနေ ဖြစ်သည်။ မတည်မြဲသော လောကကြီးမို့ ပျက်စီးခြင်း ဓမ္မတာကို လက်ခံသည်။ ကာလသတ်မှတ်ချက်ထားနိုင်သော အရည် အသွေးစံနှုန်းတို့နှင့် ကိုက်ညီပါလျှင် သက်တမ်းသဘောအရ ပျက်စီးမည်ဖြစ်သည်။ သို့ပါသော်လည်း ကုန်ဆုံးကာလသက်တမ်းမရောက်မီ ပျက်ဆီးခြင်းကိုတော့ သဘာဝဘေးကြောင့် မဟုတ်လျှင် လက်ခံဖို့ ခက်လှပေသည်။
ယခုဖတ်ရသော သတင်းအရဆိုလျှင် သက်တမ်းမကြီး လှသေးသော ထိုအဆောက်အအုံတို့၏ ကြံ့ခိုင်မှုချို့ယွင်းနေခြင်းသည် ဘာကြောင့် ဖြစ်နေသနည်း။ အဆောက်အအုံတစ်ခု လူတို့နေထိုင်နိုင်ဖို့အတွက် တည်ဆောက်ကတည်းက စစ်ဆေးမှုတို့ အဆင့်ဆင့်လုပ်ကြရသည်။ ၎င်းင်းအဆင့်တို့၏ ခွင့်ပြုချက်ကို ဖြတ်ကျော်ပြီးမှ လူသားတို့နေထိုင်ခွင့်ရပေသည်။ ထိုအတိုင်းဆိုလျှင် စံချိန်မမီသော ထိုအဆောက်အအုံတို့ကို မည်သူကတာဝန်ယူစစ်ဆေးပြီး ခွင့်ပြုခဲ့လေသနည်း။ အစပြန်ကောက်ရမလိုဖြစ်နေသည်။ ကျွန်ုပ်တို့နိုင်ငံတွင် ဘယ်သူ၊ ဘယ်ဌာန၊ ဘယ်ကုမ္ပဏီ က တာဝန်ယူတည်ဆောက်ခဲ့သော ဘယ်အဆောက်အအုံကတော့ စံချိန်မီအရည်အသွေး အဆင့်မမီပါဘဲနှင့် အသုံးပြု ခွင့်ကို ခွင့်ပြုခဲ့သည်။ အရည်အသွေးမီမမီကို သုံးစွဲသူတို့ မသိခဲ့ရ။ သက်ဆိုင်ရာပုဂ်္ဂိုလ်အချင်းချင်း ဘယ်လိုနည်းဖြင့် တည်ဆောက်ခဲ့သည်ကို သိကြမည်။ ဘယ်လိုနည်းနှင့်ပြီးစီးအောင် လုပ်ခဲ့ကြသနည်း။ ၎င်းင်းတို့မှပဲသိပေမည်။ ပြဿနာတစ်စုံတစ်ရာ ဖြစ်ခဲ့လျှင်တော့ ဘယ်တရားခံမှ ရှာမတွေ့။ ဘယ်သူမှတာဝန် မယူ။ ကိုယ်ဖြစ်ကိုယ်ခံ။ အမြင်ဖြင့် နေချင်စဖွယ်လုပ်ပြီး လူထုကို ရောင်းချခဲ့ကြသည်။ ဖင်ပူ၊ ကျောပူအောင်မနေရသေးခင် ချို့ယွင်းမှုတို့ပြလာသည်။ သားစဉ်မြေးဆက်နေဖို့ ခက်သည်။ အနည်းအကျဉ်းသော သဘာဝဘေးအန္တရာယ်တို့ ကြုံတွေ့ရုံနှင့် ကိစ္စချောနိုင်သည်။
ထိုနေထိုင်မည့် တိုက်ခန်းတို့သည် အလကားရခဲ့ ကြသည်မဟုတ်။ တန်ရာတန်ကြေးသတ်မှတ်ထားမှုကို ပေး ချေပြီး ၀ယ်ယူနေထိုင်ကြသည်။ ထိုအဆောက်အအုံ၊ အခန်း တို့ကို တည်မှီပြီး ရှေ့ဆက်ကြမည့်ဘ၀တို့ကို မြင်ယောင် မှန်းဆကြသည်။ ထိုတည်မှီရာအဆောင်အခန်းကမှ အခိုင်အခန့် မရှိကြလျှင် နေထိုင်နေကြရသူတွေ၏ စိတ်သောကကို တည်ဆောက် သူတွေအနေနှင့် ဝေမျှ ခံစားစေချင်ပါသည်။
ရောင်းပြီးပြီးရော နောင်ဘာဖြစ်နေနေဆိုသော လက်လွတ်စပယ်စိတ်တို့နှင့် မိမိတို့၏ ထုတ်ကုန်တို့ကို မရောင်းချစေချင်ပေ။ ၀ယ်သူရှိလို့ ရောင်းချကြပေမယ့် ထိုက်သင့်သော ဈေးနှုန်းကိုယူထားလျှင်ဖြင့် ထိုက်တန်သော ပစ္စည်းကောင်းလေးများကို ပေးနိုင်စေချင်ပါသည်။ မိမိတို့ ကုမ္ပဏီ အမည်နာမကြီးကပ်နှိပ်ထားသည့်အဆောက်အအုံ၏ လှပတင့်တယ်ခိုင်ခံမှုကို ဂုဏ်ပုဒ်တစ်ခုအဖြစ် မြိန်ရေရှက်ရေ အရသာရှိစေချင်သည်။
ကျွန်တော်မှတ်မိနေသော စာသားလေးကို ဖော်ပြချင်ပါသည်။ သန့်ရှင်းရေးနှင့်ပတ်သက်၍ ... တစ်ရက်မဟုတ်၊ နှစ်ရက်မဟုတ် တစ်လမဟုတ်၊ နှစ်လမဟုတ် တစ်နှစ်မဟုတ်၊ နှစ်နှစ်မဟုတ် သန့်ရှင်းမှုဖြင့် ကူညီပါ ဆိုသော စာသားလေးကို ယူ၍ လူတို့နေထိုင်ရာ အိမ်ရာအဆောက်အအုံတို့ကိုလည်း မိမိတို့၏ ဂုဏ်သိက္ခာမြှင့်တင်ပြီး တစ်ရက်၊ တစ်လ၊ တစ်နှစ်မဟုတ် မိမိမှသည် သားစဉ်မြေးဆက်
နှစ်သက်ဖွယ်ရာ အိမ်ဂေဟာသာ ဖြစ်ပါစေလို့
ရည်သန်ရေးသားရပါသည်။
ANT ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com