ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အိမ်ခြံမြေပြပွဲကြီးများ ကျင်းပပြီး အိမ်ရာ တိုက်ခန်းနှင့် ကွန်ဒိုခန်းတို့ အကြိမ်ကြိမ် အလီလီ ရောင်းချနေကြသည်။ ၀ယ်သူတို့ကလည်း တိုးတိုး ကြိတ်ကြိတ်လာရောက်ကြည့်ရှုပြီး ၀ယ်ယူအားပေးကြသည်။ ထိုစဉ်ခဏ ရောင်းသူနှင့်ဝယ်သူတို့အကြား ကြည်နူးမှုတို့နှင့် အဆုံးသတ်ခဲ့ကြသည်။ သို့သော် နောက်ပိုင်းတွင် ၀ယ်ယူနေထိုင်သူတွေအနေနှင့် လက်တွေ့တွင် ကြုံတွေ့နေသည့် အခက်အခဲတို့ကို ရင်ဖွင့်မေးမြန်းလာကြသည်။ ရောင်းသူနှင့် ၀ယ်သူ ကြား ပြီးပြည့်စုံသော အခြေအနေတို့ ဖြစ်မလာသည်ကလည်း ယုံကြည်မှုကို လျော့နည်းလာနိုင်သည်။
အိမ်ခြံမြေပြပွဲကြီးများတွင် ပူးပေါင်းပါဝင်ပြီး မိမိတို့ ၏ ထုတ်ကုန်အဆောက်အအုံတို့ကို တင်ပြရောင်းချရာတွင် သတ်မှတ်စံနှုန်းမပြည့်မီသော အဆောက်အအုံတို့လည်း ပါဝင်တတ်သည်ကိုတွေ့ရသည်။ ဒါကလည်း ၀ယ်သူတို့၏ ရင်ဖွင့်စကားကြောင့်သာ ကြားခဲ့ရခြင်းဖြစ်သည်။ ဓာတ်လှေကား မလိုသောအထပ်မြင့်နှင့် ဓာတ်လှေကားပါဝင်ရမည့် သတ်မှတ်အထပ်အမြင့်ရှိသော အဆောက်အအုံတို့ကို ဓာတ်လှေကားပါဝင်နေမည်ဖြစ်သည်။ သို့သော် ဓာတ်လှေကားပါဝင်သော်လည်း ထိုအဆောက်အအုံအတွက် လုံလောက်သော မီးအား မြှင့်စက် (Transformer) တပ်ဆင်ပေးခြင်းမရှိသော ချို့ယွင်းချက်များလည်း ရှိသည်ကို ကြားသိခဲ့ရသည်။
အခန်းဝယ်ယူနေထိုင်ကြသူတို့အနေနှင့် လှေကားအတက်ရသက်သာအောင် အောက်ထပ်ကို တန်ဖိုးကြီးပေးဝယ် ရသော်လည်း အပေါ်ထပ်တို့မှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်း ဒဏ်ကို ရေရှည်နေထိုင်လာသောအခါ မခံစားနိုင်ဖြစ်ကြရသည်။ ထို့သည်ကြောင့် “ဒီတစ်ခါ တိုက်ခန်းဝယ်မည်ဆိုရင် အပေါ်ထပ်ပဲ ၀ယ်မည်”ဆိုပြီး ၀ယ်လိုက်ရော ဓာတ်လှေကားပါ သော အဆောက်အအုံက အခန်းကို ၀ယ်လိုက်ခြင်းဖြစ်သည်။ သို့ပါသော်လည်း ထိုအဆောက်အအုံအတွက် လုံလောက်သောမီးအားပေးနိုင်သည့် မီးအားမြှင့်စက်တပ်ဆင်ပေးထားခြင်းမရှိ သည့်အတွက် မီးအားနည်းပါးနေချိန် ဓာတ်လှေကား အလုပ်လုပ်မလုပ်ဟု ဆိုလာသည်။ ထို့အတွက် မီးအားမြှင့်စက်မတပ်ဘဲ မီးအားထိန်းစက် (ဗို့ဒိတ်ရက်ကူလေတာ)ကို လက်ပူတိုက် တပ်ဆင်ပေးကြသည်။
ထိုအဆောက်အအုံအတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်တို့အနေနှင့် နေထိုင်သူတို့၏ စိတ်ကျေနပ်မှုကိုကောင်းစွာ ဖြည့်ဆည်းမပေးဘဲ ဖြစ်သလိုလုပ်ခဲ့ကြမည်ဆိုလျှင် သို့မဟုတ် စံနှုန်းမီမဟုတ်သော မိမိတို့ထုတ်ကုန်များကို ရောင်းချနေကြ မည်ဆိုလျှင် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုတို့ ပျောက်ဆုံးခြင်း က ဆုံးမည်မထင်။ အေးစက်အေးခဲနေသော အိမ်ခြံမြေက လည်း အရည်ပျော်နွေးထွေးမှုကို တော်တော်နှင့် ရနိုင်ပါဦးမည်လား။
ပြောလိုသည်က အဆောက်အအုံတစ်ခုတည်ဆောက် ပြီး လူထုလက်ထဲကို ထည့်ပေးတော့မည်ဆိုလျှင် ဖြတ်ကျော်ကြရမည့်လုပ်ငန်းစဉ်တို့ကို သူ့စံနှုန်းနှင့်သူ တိတိကျကျ မှန်မှန်ကန်ကန်ဖြတ်ကျော်ကြရပါမည်။ အဆောက်အအုံတစ်လုံး ၏ စံချိန်မီအရည်အသွေးကို သေချာကျနအောင် မဖော်ဆောင်ဘဲ အရည်အသွေးကို ခိုခြင်း၊ လျှော့ခြင်း၊ တွက်ခြေကိုက် အောင် ကိုယ့်အတွက်ကျန်အောင်လုပ်ထားပြီး လူနေထိုင်မှုအတွက် စစ်ဆေးရေးဂိတ်များကို တရားမ၀င်ငွေကြေးများ ပေးခြင်းဖြင့် ဖြတ်ကျော်ပြီး ရောင်းချနေကြခြင်းကိုလည်း ရပ် တန့်သင့်ကြပါပြီ။
လူအချင်းချင်း လှည့်ပတ်ခြင်းတို့ ကင်းသင့်ပြီ ထင်ပါသည်။ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ကိုင်နေသူတို့ အနေနှင့် မိမိတို့ ဖန်တီးပုံဖော်လိုက်သည့် အဆောက်အအုံတွင် နေထိုင်သူတို့ စိတ်လက်ချမ်းသာရှိပါစေဆိုတဲ့ စိတ်ကောင်းလေးများနှင့် ပေးနိုင်ယူနိုင်ကြလျှင် အဘယ်မျှ ကောင်း ကြလေမည်နည်း။
ကောင်းခြင်း မကောင်းခြင်းကို တီဗီတွေ၊ စာမျက်နှာ တွေ၊ ကြော်ငြာဘုတ်တွေဖြင့် ကြော်ငြာရုံလောက်ဖြင့် မလုံ လောက်ပါ။ လူ့နှုတ်ကထွက်သည့် တစ်ဦးစကား တစ်ဦးနားသို့ ပို့ရောက်ခြင်းကသာ အကောင်းဆုံးကြော်ငြာခြင်းဖြစ်သည်။ ဘယ်ဆောက်လုပ်ရေးက ဆောက်သော အဆောက်အအုံသည် စိတ်ချရပြီး ကောင်းမွန်ခိုင်ခံ့ခြင်း၊ ပေးရသောငွေကြေးနှင့် ထိုက်တန်သော အပြင်အဆင်ကို ရရှိခြင်းဆိုသည့် ကောင်းသတင်းဂုဏ်ပုဒ်က နေထိုင်ဖူးသူတို့၏ နှုတ်ထွက်ကြော်ငြာများဖြင့် ပိုမိုရရှိတတ်ကြသည်။ မိမိတို့လုပ်ငန်း၏ စံချိန်မမီခြင်း၊ ချို့ယွင်းခြင်းကို လည်း နှုတ်ထွက်ကြော်ငြာစကားတို့ကြောင့်ပင် ဂုဏ်ပုဒ်၊ဂုဏ်ရည် မှေးမှိန်ကျဆင်းကြရသည်။
ထို့ကြောင့် သတ်မှတ်ပြဋ္ဌာန်းထားသော ကဏ္ဍအလိုက် လုပ်ဆောင်ကြရသည့်လုပ်ငန်းတိုင်း လုပ်ငန်းတိုင်းသည် စံနှုန်းသတ်မှတ်ချက်များကို လိုက်နာကြသည့်အပြင် မိမိတို့ဂုဏ်ပုဒ် ကို ပိုမိုတက်လာအောင် စိတ်ကောင်းစေတနာကောင်းတို့ လက်ကိုင်ထားပြီး စိတ်လိုလက်ရ လုပ်ကြမည်ဆိုလျှင် ပန်းကောင်း ရနံ့ကိုလေညင်းတို့သယ်ဆောင်ပါလိမ့်မည်။
လူသည်ငတ်ပြတ်နေ၍ “ငါ့ဝမ်းပူစာမနေသာ” သဖြင့် မကောင်းမှုကိုလုပ်ကြသည်ဆိုလျှင် သည်းခံခွင့်လွှတ်နိုင်ပါ လိမ့်ဦးမည်။ ကြီးပွားချမ်းသာနေသူတို့၏ ကြီးပွားပြီးရင်း ကြီး ပွားရင်းကို လုပ်ကြသည့်အခြေအနေသည် ငါဝမ်းလည်းမပူပါဘဲနှင့် မတရားသဖြင့်ဆိုသည့် စကားဖြင့် ကမ်္ဗည်းတပ်ရ လျှင်လည်း မည်သူမျှ ခံနိုင်မည်မထင်ပါ။
ထို့ကြောင့် အိမ်ခြံမြေမဂ္ဂဇင်းအတွက် ရည်ရွယ်နေသော ဤဆောင်းပါးတွင် ငါ့ဝမ်းမပူစာဘဲ အေးချမ်းနေသူ တို့အနေနှင့် မိမိတို့၏တည်ဆောက်ရေးထုတ်ကုန် အဆောက်အအုံတို့ ပြည်သူ့လက်ဝယ် စံချိန်မီအရည်အသွေးကောင်းကောင်းနှင့် ပေးပြီး ယုံကြည်မှုရလဒ်ကို ယူဆောင်နိုင်ပါစေဖို့ မေတ္တာလမ်းကြောင်းခင်းလိုက်ရပါသည်။
ဘိုးသာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com