ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အိမ်ခြံမြေပေါင်းများပြားစွာ ပိုင်ဆိုင်ထားသည့် သူဌေးကြီးတစ်ဦးသည် ဟိုတယ်ခန်းတစ်ခုတွင် ၂ နှစ်ခန့် နေထိုင်ခဲ့ပြီး ငှားရမ်းခ ကန်ဒေါ်လာ ၁၆၀,၀၀၀ ကို မပေးချေသောကြောင့် အမှုရင်ဆိုင်ရလျက်ရှိသည်။
ဂျက်ဖရီ ကိုဆောင်းအမည်ရှိ သူဌေးကြီးသည် အသက် ၇၃ နှစ်အရွယ်ရှိပြီဖြစ်ပြီး နယူးယောက်၊ နယူးအင်္ဂလန်နှင့် ဖလော်ရီဒါတို့တွင် တိုက်ခန်းနှင့် ကွန်ဒိုခန်းပေါင်း ၄၅၀၀ ကျော် ပိုင်ဆိုင်ထားသူ ဖြစ်သည်။
နယူးယောက်မြို့၊ အရှေ့ ၅၆ လမ်းရှိ ဇိမ်ခံဟိုတယ်ကြီးဖြစ်သော Lombardy Hotel ခန်းတစ်ခုကို တစ်လလျှင် ကန်ဒေါ်လာ ၉၀၀၀ ဖြင့် ငှားရမ်းကာ ဇနီးဖြစ်သူ ဇွန်နှင့်အတူ နေထိုင်ခဲ့ခြင်းဖြစ်သည်။
Lombardy Hotel မှာ အများပိုင်ဟိုတယ်တစ်လုံးဖြစ်ပြီး သူဌေးကြီး ဂျက်ဖရီတည်းခိုခဲ့သည့်အခန်းကို ပိုင်ဆိုင်သူမှာ မိုက်ကယ်ဖစ်ရှာနှင့် သားဖြစ်သူ အင်ဒရူးတို့ဖြစ်ကြသည်။
သူဌေးကြီးဂျက်ဖရီနှင့် ဇနီးဖြစ်သူဇွန်တို့သည် ကာလတာရှည် မိတ်ဆွေဖြစ်မှုအပေါ် အခွင့်ကောင်းယူ အမြတ်ထုတ်သွားခဲ့ခြင်း ဖြစ်ကြောင်း မိုက်ကယ်ဖစ်ရှာက စွပ်စွဲထားသည်။
အစဦးတွင် မစ္စတာဂျက်ဖရီသည် အခန်းခများကို ပေးချေခဲ့ကြောင်းနှင့် ၂၀၁၂ ခုနှစ်တွင် စတင်နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း မိုက်ကယ်ဖစ်ရှာက ထွက်ဆိုထားသည်ဟု မန်ဟက်တန်ရှိ တရားရုံးမှတ်တမ်းများတွင် ဖော်ပြသည်။
“ဂျက်ဖရီ ကိုဆောင်းဟာ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတွေ ကောင်းလာချိန်မှာလည်း ဟိုတယ်ခန်းမှာ ဆက်နေခဲ့ပါတယ်။ ဒါပေမယ့် အခန်းခပေးဖို့ကို ဂရုမစိုက်တော့ပါဘူး”ဟု မိုက်ကယ်ဖစ်ရှာက ပြောကြားသည်။
သူဌေးကြီးဂျက်ဖရီသည် ဟိုတယ်ခန်းတွင် တစ်နှစ်ခန့် ဆက်လက်နေထိုင်ခဲ့ပြီး အခန်းခပေးမည်ဟု ကတိပေးခဲ့သော်လည်း လုံးဝပေးချခဲ့ခြင်းမရှိကြောင်း မိုက်ကယ်ဖစ်ရှာက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)