ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
Jurassic Park ၊ Star Wars ၊ Iron Man နှင့် Avengers အစရှိသည့် ဇာတ်ကားများ အပါအဝင် ရုပ်ရှင်ဇာတ်ကား များစွာတွင် ပါဝင်သရုပ်ဆောင်ကာ ကမ္ဘာကျော်သူ ဆင်မြူရယ်ဂျက်ခ်ဆင်က နယူးယောက်ကွန်ဒိုခန်းကို ရောင်းချရန် စီစဉ်လျက်ရှိသည်။
နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ Upper East Side ရှိ ကွန်ဒိုခန်းကို ဆင်မြူရယ် ဂျက်ခ်ဆင်နှင့် လာတာညာ ရစ်ချတ်ဆန်တို့ ဇနီးမောင်နှံက ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ကန်ဒေါ်လာ ၁၃ သန်းဖြင့် ရောင်းချရန် ဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။
ကွန်ဒိုခန်းတည်နေရာမှာ ၆၃ လမ်း၊ အမှတ် ၂၆ E တွင် တည်ရှိသည့် အဆောက်အအုံတွင်ဖြစ်ပြီး အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၃၀၀၀ ရှိသည်။
NBA ဘတ်စ်ကက်ဘော ကစားသမားဟောင်း ဂရက်ဂ်ျ အန်သိုနီနှင့် ဇနီးဟောင်း စာရေးဆရာမ ခရစ္စတယ်လ် မက်ခရာရီတို့ထံမှ ၂၀၀၅ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၈ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
ဆင်မြူရယ်ဂျက်ခ်ဆင်တို့ ဇနီးမောင်နှံ ယခင်ပိုင်ဆိုင်ခဲ့သည့် နေအိမ်မှာ အနောက် ၁၄၃ လမ်း၊ အမှတ် ၅၂၂ ရှိ နေအိမ်ဖြစ်သည်။
အဆိုပါနေအိမ်ကို ၁၉၈၁ ခုနှစ်တွင် ကန်ဒေါ်လာ ၃၅၀၀၀ ဖြင့် ဝယ်ယူခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် ကန်ဒေါ်လာ ၁၂၅၀၀၀ ဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ယခုရောင်းချမည့်အခန်းမှာ ၈ လွှာတွင် တည်ရှိပြီး အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်း ပါဝင်သည်။
ဆယ်မြူရယ် လီရွိုင်း ဂျက်ခ်ဆင်သည် အမေရိကန်ရုပ်ရှင်သရုပ်ဆောင်၊ ထုတ်လုပ်သူတစ်ဦးဖြစ်ပြီး ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်တွင် မွေးဖွားသည်။
ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ထင်ရှားသည့်ဇာတ်ကားအချို့မှာ Jurassic Park (၁၉၉၃)၊ Unbreakable (၂၀၀၀)၊ Star Wars ဇာတ်လမ်းတွဲများ (၁၉၉၉-၂၀၀၅)၊ Iron Man (၂၀၀၈)၊ Captain America: The Winter Soldier(၂၀၁၄)၊ Avengers: Age of Ultron (၂၀၁၅) နှင့် Avengers: Infinity War (၂၀၁၈)၊ Incredibles (၂၀၀၄) နှင့် Incredibles 2 (၂၀၁၈) ဇာတ်ကားများ ဖြစ်သည်။
ဆင်မြူရယ်ဂျက်ခ်ဆင်သည် သမိုင်းတစ်လျှောက် ဝင်ငွေအကောင်းဆုံးသရုပ်ဆောင်တစ်ဦးအဖြစ် ရပ်တည်နေပြီး US box office တွင် ကန်ဒေါ်လာ ၅ ဒသမ ၁၅ ဘီလီယံအထိ ဝင်ငွေရရှိခဲ့ရာ ပျှမ်းမျှအားဖြင့် ဇာတ်ကားတစ်ကားလျှင် ကန်ဒေါ်လာ ၇၀ ဒသမ ၅ သန်း ဝင်ငွေရခဲ့ခြင်းဖြစ်သည်။
ကမ္ဘာတစ်ဝန်းလုံးတွင်မူ ကန်ဒေါ်လာ ၁၂ ဘီလီယံကျော်အထိ ဝင်ငွေရရှိထားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)