ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ သမီး အိုင်ဗန်ကာ ထရမ့်နှင့် သားမက် ဂျရက်ဒ် ကွတ်ရှ်နာတို့သည် အမေရိကန်ပြည်ထောင်စု၏ မြို့တော် ၊ ဝါရှင်တန်ဒီစီရှိ ကာလိုရားမားအရပ်တွင် နေထိုင်လျက်ရှိကြသည်။
အိုင်ဗန်ကာ ထရမ့်နှင့် ဂျရက်ဒ် ကွတ်ရှ်နာတို့သည် ကာလိုရားမားရှိ စတုရန်းပေ ၈၂၀၀ ကျယ်ဝန်းသော နေအိမ်သို့ ယခုနှစ်အစောပိုင်းတွင် ပြောင်းရွှေ့လာခဲ့ကြခြင်းဖြစ်ပြီး အပိုင်ဝယ်ယူလိုက်ခြင်းဖြစ်သည် (သို့မဟုတ်) ငှားရမ်းနေထိုင်ခြင်းဖြစ်သည်ကိုမူ မသိရသေးချေ။
အများသိရှိထားသည့်အချက်အလက်မှာ အိုင်ဗန်ကာထရမ့်သည် အဆိုပါနေအိမ်ကို ချီလီဘီလျံနာကြီး အန်ဒရိုနီကို လုခ်ဆစ်ခ်ထံမှ တစ်လလျှင် ကန်ဒေါ်လာ ၁၅၀၀၀ ဖြင့် ငှားရမ်းခဲ့သည်ဟူသော အချက်အလက်များကားရှိသည်။
လုခ်ဆစ်ခ်သည် မင်နီဆိုးတားပြည်နယ်ရှိ နီကယ်နှင့် ကြေးနီတွင်းတူးဖော်ရေးကိစ္စနှင့် စပ်လျဉ်းပြီး အမေရိကန်အစိုးရနှင့် ဥပဒေရေး အငြင်းပွားမှုများ ပေါ်ပေါက်နေသူလည်း ဖြစ်သည်။
ထရေစီပဲလေ့စ် အနောက်မြောက်လမ်း၊ အမှတ် ၂၄၄၉ (2449 Tracy Place NW ) ရှိ အဆိုပါနေအိမ်သည် ဘဲလ်မောင့်ထ် အနောက်မြောက်လမ်း၊ အမှတ် ၂၄၄၆ ရှိ အိုဘားမား မိသားစုနေအိမ်သို့ လမ်းလျှောက်သွားလျှင် ၃ မိနစ်ခရီးသာ ဝေးကွာသည်။
အိပ်ခန်း ၆ ခန်း ပါဝင်ပြီး စတုရန်းပေ ၆၈၇၀ အကျယ်အဝန်းရှိသော အဆိုပါနေအိမ်သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ခေါ်ဈေးအောက် ကန်ဒေါ်လာ ၁၀၀၀၀၀ နည်းပါးသောဈေးဖြစ်သည့် ကန်ဒေါ်လာ ၅ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း မှတ်တမ်းများရှိပြီး ဝယ်လက်မည်သူဖြစ်သည်ကိုမူ ထုတ်ပြန်ကြေညာခဲ့ခြင်းမရှိချေ။
လုခ်ဆစ်ခ်၏ သတ္တုတွင်းကုမ္ပဏီသည် အိုဘားမားအစိုးရလက်ထက်က မင်နီဆိုးတားပြည်နယ်ရှိ စီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည်ဟုဆိုကာ ပိတ်သိမ်းစေခဲ့သောကြောင့် အကျပ်ဆိုက်ခဲ့ရသည်။
ယခုအချိန်တွင်မူ မင်နီဆိုးတားပြည်နယ်ရှိ နိုင်ငံရေးသမားအချို့က အဆိုပါစီမံကိန်းကို ပြန်လည်ခွင့်ပြုပေးရေး သုံးသပ်ရန် ထရမ့်အစိုးရထံ တင်ပြတောင်းဆိုထားသည်။
ယခုနေအိမ်ကို ထရမ့်၏ သမီးအား ငှားရမ်းလိုက်ခြင်းနှင့် သတ္တုတွင်းကိစ္စအကြား ဆက်နွှယ်မှုရှိ၊ မရှိကိုမူ အိမ်ဖြူတော်နှင့် လုခ်ဆစ်ခ်၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တို့က ဖြေကြားရန် ငြင်းဆိုထားသည်။
၁၉၂၃ ခုနှစ်တွင် ဗိသုကာပညာရှင် ဝက်ဒီဝုဒ်က ဒီဇိုင်းရေးဆွဲဆောက်လုပ်ပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ဖူးသည်။
နေအိမ်တွင်း ထင်းသုံးမီးလင်းဖို ၅ ခု၊ အဝတ်အစားထားသိုခန်းပါဝင်သည့် master bedroom ၊ ရေစိမ်ကန်တို့လည်း ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)