ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်တောင်ပိုင်းနှင့်သုဝဏ္ဏကိုဆက် သွယ်ထားသည့် ငမိုးရိပ်တံတား(ကမာကြည် ၂)ကို ၂၀၁၉ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ နိုဝင်ဘာ၁၃ရက်တွင် သိရသည်။
"တံတားဆောက်လုပ်ရေးလုပ်ငန်းကအကုန်နီးပါးပြီးနေပြီ အချောထည်အပိုင်းလောက်ပဲကျန်တော့တယ်''ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါတံတားသည်သုဝဏ္ဏမြို့နယ်သုဝဏ္ဏမြို့ဦးဆုတောင်းပြည့်စေတီအနီးမှဒဂုံမြိုသစ်တောင်ပိုင်းမြို့နယ်စက်မှုဇုန်မိုးကုတ်လမ်းကိုဆက်သွယ်ထားသည့်တံတားဖြစ်သည်။
လက်ရှိတွင်တံတား တည်ဆောက်ရေးလုပ်ငန်းများပြီးစီးနေပြီဖြစ်ပြီး တံတားအဝင် အထွက်လမ်းနှင့် တံတားပေါ် ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေခြင်းဖြစ်သည်။
၎င်းငမိုးရိပ်တံတား(ကမာကြည် ၂) သည် တံတားအရှည် ၈၄၆ပေ ၊ ချဉ်းကပ်လမ်းပေ၃၉၀ ၊စုစုပေါင်းတံတားအရှည် ၁၂၃၆ပေ ၊ ယာဉ် သွားလမ်းအကျယ်၂၆ပေ ၊ ရေလမ်းကင်းလွတ်ခွင့်အမြင့်၁၈ပေ သတ်မှတ်ဆောက်လုပ်ထားခြင်းဖြစ်သည်။
အဆိုပါတံတားကိုမြတ်နိုးသူဆောက်လုပ်ရေးမှတာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပြီးခြောက်လအတွင်းအပြီးဆောက်လုပ်အကောင်အထည်ဖော်ခြင်းဖြစ်သည်။
Credit: The Myanmar Times