ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ထိုင်း developer များသည် လက်လီအရောင်းစင်တာ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်တွင် ငွေဘီလီယံပေါင်းများစွာ ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာလျက်ရှိသည်။
Iconsiam အမည်ရှိ ဈေးဝယ်စင်တာသစ်ကြီးကို ပြီးခဲ့သော စနေနေ့ကပင် ဖွင့်လှစ်ခဲ့သေးသည်။
ထိုင်းနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် လာရောက်ခြင်း ကျဆင်းမှုများ၊ လာမည့်နှစ် ရွေးကောက်ပွဲအကြိုကာလ နိုင်ငံရေးမရေရာမှုများအကြား ယခုကဲ့သို့ ဈေးဝယ်စင်တာသစ်များ ဖွင့်လှစ်လာခြင်းလည်း ဖြစ်သည်။
“ထိုင်းကို ကိုယ်စားပြုထင်ဟပ်တဲ့၊ ထိုင်းဆိုတာ ဘယ်လိုလဲလို့ အများကြီးပြောပြနိုင်မယ့်ဟာမျိုး ကျွန်မ ဆောက်လုပ်ချင်ပါတယ်”ဟု Iconsiam ကို ဆောက်လုပ်ခဲ့သည့် developer ဖြစ်သော Siam Piwat ၏ အမှုဆောင်အရာရှိချုပ် ချာဒါတစ်ပ် ချူထရာကူးလ်က ပြောကြားသည်။
Iconsiam သည် စတုရန်းမီတာ ၅ သိန်းခန့် အကျယ်အဝန်းရှိပြီး ဘန်ကောက်မြို့၊ ကျောက်ဖယားမြစ်ကမ်းပါးတွင် တည်ရှိသည်။
ထိုင်း developer တို့သည် လက်လီအရောင်းစင်တာကဏ္ဍတွင် ကန်ဒေါ်လာ ၄ ဘီလီယံခန့်အထိ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး ဂျကာတာ၊ စင်္ကာပူနှင့် ဟောင်ကောင်တို့တွင် စီမံကိန်းသစ်များ အကောင်အထည်ဖော်လျက်ရှိသည်။
ဘန်ကောက်တွင် လက်လီအရောင်းဆိုင်ခန်းနေရာများ ပိုမိုများပြားလာဖွယ်ရှိနေပြီး ယခုနှစ်အတွင်း အရှေ့တောင်အာရှရှိ မည်သည့်မြို့ကြီးများထက်မဆို ကြမ်းခင်းဧရိယာပိုမိုများပြားလာဖွယ်ရှိနေသည်။
၂၀၁၄ ခုနှစ်တွင် စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး တိုင်းပြည်မငြိမ်သက်မှု အရှိန်မြင့်နေစဉ် Siam Piwat ကုမ္ပဏီ၏ ဘန်ကောက်ရှိ ဈေးဝယ်စင်တာများကို ပိတ်သိမ်းထားခဲ့ရသည်။
“ကျွန်မတို့ရဲ့ ဈေးဝယ်စင်တာတွေရှေ့မှာ ရုန်းရင်းဆန်ခတ်ဖြစ်နေခဲ့ကြတယ်။ စင်တာတွေကို ၃ လလောက်ပိတ်ထားခဲ့ရပါတယ်။ အာဏာသိမ်းမှုကြီးဖြစ်ပြီး ၃ ပတ်လောက်အကြာမှာ Iconsiam ဆောက်လုပ်ဖို့ ကျွန်မတို့ ကြေညာခဲ့တာပါ။” ဟု ချူထရာကူးလ်က ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။
လာမည့်နှစ်ဆန်းပိုင်း ဖေဖော်ဝါရီလ ၂၄ ရက်တွင် ရွေးကောက်ပွဲများ ကျင်းပမည်ဟု ထိုင်းအစိုးရ ထိပ်တန်းအကြီးအကဲများက ပြောကြားထားချိန်တွင် လက်လီအရောင်းဆိုင်စီမံကိန်းသစ်များ ဆောက်လုပ်ရန်လည်း စီစဉ်လျက်ရှိနေသည်။
အဆိုပါရွေးကောက်ပွဲတွင် စစ်ဘက်ကို ထောက်ခံသူများနှင့် ဖြူထိုင်းပါတီ ဦးဆောင်သည့် နိုင်ငံရေးအုပ်စုတို့အကြား တင်းမာမှုများ ဖြစ်ပေါ်လာဖွယ်ရှိနေသည်။
ဖြူထိုင်းပါတီကို စစ်တပ်က ၂၀၁၄ ခုနှစ်အတွင်း စစ်အာဏာသိမ်းကာ ဖြုတ်ချလိုက်ခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် အဟန့်အတားတစ်ခုဖြစ်လာစေပြီး ယခုနှစ်ဇူလိုင်လအတွင်း တရုတ်ကမ္ဘာလှည့်ခရီးသည်များစွာ လှေမှောက်ကာ သေဆုံးခဲ့ကြခြင်းကြောင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နှေးကွေးသွားခဲ့သော်လည်း ယင်းဖြစ်ရပ်များက ထိုင်း developer တို့၏ ခြေလှမ်းများကို ဟန့်တားနိုင်ခြင်းကား မရှိခဲ့ချေ။
ထိုင်းနိုင်ငံတွင် အခွင့်အလမ်းကောင်းများရှိနေပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှာလည်း ပြန်လည်ဦးမော့လာမည်ဟု ချူထရာကူးလ်က ယုံကြည်လျက်ရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)