ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဘဏ္ဍာရေးအကျပ်ဆိုက်နေသော တရုတ်ကုမ္ပဏီကြီး HNA က ကွမ်ကျိုးရှိ ဆောက်လုပ်ရေးစီမံကိန်းကို China Vanke ကုမ္ပဏီထံ ယွမ်ငွေ ၁ ဒသမ ၆ ဘီလီယံဖြင့် ရောင်းချလိုက်ပြန်သည်။
ယင်းအနက်မှ ယွမ်ငွေ ၁ ဒသမ ၀၃၅ ဘီလီယံ (ကန်ဒေါ်လာ သန်း ၁၅၀) ကို ငွေသားဖြင့် ပေးချေခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။
ရောင်းချလိုက်သည့် စီမံကိန်းမှာ ကွမ်ကျိုးရှိ Central Hotel Square စီမံကိန်းဖြစ်ပြီး စီမံကိန်းအတွက် ရယူထားသည့် အိမ်ခြံမြေချေးငွေနှင့် ရှယ်ယာရှင်ချေးငွေ ယွမ်ငွေ ၅၇၄ သန်းကို Vanke က ဆက်လက်ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်သည်။
Central Hotel Square စီမံကိန်းသည် ကွမ်ကျိုးမြို့ ဆင်ခြေဖုံးဒေသ ဘိုင်ယွမ်အရပ်တွင် တည်ရှိသည်။
မြို့အုပ်ချုပ်ရေးအဖွဲ့၏ အချက်အလက်များအရ HNA သည် ၂၀၀၉ ခုနှစ်အတွင်း စတုရန်းမီတာ ၂၃၀၀၀ ကျယ်ဝန်းသော မြေနေရာကို ဝယ်ယူပြီးနောက်ပိုင်း ယွမ်ငွေ သန်း ၉၈၀ ခန့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားခဲ့သည်ဟု ဆိုသည်။
ယခုရောင်းချလိုက်သော စီမံကိန်းသည် ဆောက်လုပ်ပြီးစီးပါက စတုရန်းမီတာ ၁၇၇၀၀၀ အကျယ်အဝန်းရရှိမည်ဖြစ်သည်။
ပြီးခဲ့သော အောက်တိုဘာလအတွင်း Shenzhen Haihang City အမည်ရှိ ကူးသန်းရောင်းဝယ်ရေး စီမံကိန်းတစ်ခုကို ဒေသတွင်း ရင်းနှီးမြှုပ်နှံသူ Tianji Wealth Group သို့ ရောက်ချလိုက်ပြီးနောက်ပိုင်း ကွမ်တုံပြည်နယ်တွင် ဒုတိယမြောက်ထပ်မံရောင်းချလိုက်သည့် စီမံကိန်းတစ်ခု ဖြစ်လာသည်။
ရှန်ကျန်းအခြေစိုက် China Vanke အနေဖြင့်လည်း ရက်သတ္တ ၅ ပတ်အတွင်း ဒုတိယအကြိမ်မြောက် ဝယ်ယူလိုက်သည့် စီမိံကန်းကြီးဖြစ်သည်။
Beijing HNA Plaza ရုံးခန်းအဆောက်အအုံကြီးကိုလည်း ယွမ်ငွေ ၁ ဒသမ ၂၉ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီချက် လက်မှတ်ထိုးခဲ့သေးသည်။
HNA ၏ ရုံးချုပ်ဟောင်းဖြစ်သော အဆိုပါအဆောက်အအုံကြီး ရောင်းချမှုကိုမူ HNA ၏ ရှယ်ယာရှင်များက ပယ်ချခြင်းခံလိုက်ရသည်။
HNA Central Hotel Square စီမံကိန်းတွင် grade A အဆင့်ရှိ ရုံးခန်းနေရာများ၊ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်တစ်လုံး၊ အသင့်နေ လူနေခန်းများ၊ စတုရန်းမီတာ ၂၀၀၀၀ အကျယ်အဝန်းရှိ လက်လီအရောင်းစင်တာတစ်ခုတို့ ပါဝင်မည် ဖြစ်သည်။
HNA Group သည် ယခုနှစ်စပိုင်းမှ စတင်ပြီး ကုမ္ပဏီပိုင် အိမ်ခြံမြေများ၊ အပြီးမသတ်သေးသော ဆောက်လုပ်ရေးစီမံကိန်းများကို အလျင်စလို ရောင်းထုတ်လာလျက်ရှိနေသည်။
ကြွေးမြီများ ပြန်လည်ပေးဆပ်ရန်အတွက် ရောင်းထုတ်နေခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လကုန်အချက်အလက်များအရ ကန်ဒေါ်လာ ၉၆ ဘီလီယံခန့် အကြွေးတင်နေခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)