ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ချင်းပြည်နယ် ပြည်နယ်လွှတ်တော်ရုံး အဆောက်အအုံကို ငွေကျပ်သိန်း (၇,၇၀၀)ကျေုာ် အသုံးပြုတည်ဆောက်လျက်ရှိရာ လာမည့် (၂၀၁၉)နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်တော့မည်ဖြစ်ကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိတစ်ဦးက ပြောသည်။
“ လွှတ်တော်ရုံး အဆောက်အအုံကြီးကတော့ ပြီးစီးသလောက်ဖြစ်နေပါပြီ။ ဒါပေမယ့် လွှတ်တော်ရိပ်သာ အဆောက်အအုံ တည်ဆောက်မှုလုပ်ငန်း အနည်းအကျဉ်း ကျန်နေပါသေးတယ်။ လာမယ့် ဇန်နဝါရီလအတွင်းမှာ ဖွင့်လှစ်နိုင်မှာဖြစ်ပါတယ် “ ဟု ယင်းက ပြောသည်။
ယခုတည်ဆောက်လျက်ရှိသည့် လွှတ်တော်ရုံးအဆောက်အအုံကို ချင်းဦးစီးရပ်ကွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ပြန်လည်စွန့်လွှတ်ထားသည့် မြေ(၂)ဧကပေါ်တွင် (၂၀၁၇)ခုနှစ်၊ သြဂုတ်လ အတွင်းက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ အခု လက်ရှိ အသုံးပြုနေတဲ့ လွှတ်တော်ရုံးကလည်း ချင်းဦးစီးရပ်ကွက်ထဲမှာပဲ ဖြစ်ပါတယ်။ (၂၀၁၂-၂၀၁၃)ဘဏ္ဍာနှစ်က စတင်တည်ဆောက်ခဲ့တဲ့ အဆောက်အအုံဖြစ်ပြီး (၂၀၁၄-၂၀၁၅)ဘဏ္ဍာနှစ်အထိ (၂)နှစ်ကြာ တည်ဆောက်ခဲ့တဲ့ အဆောက်အအုံဖြစ်ပါတယ် “ ဟု လွှတ်တော်ရုံးတာဝန်ရှိ ဝန်ထမ်းတစ်ဦးက ပြောသည်။
ချင်းပြည်နယ် လွှတ်တော်ရုံးနှင့် ချင်းပြည်နယ်အစိုးရရုံးမှာ တွဲလျက်တည်ရှိသည်ဖြစ်ရာ ယခုအဆောက်အအုံပြီးစီးခဲ့ပါက ချင်းပြည်နယ်လွှတ်တော်ရုံး သီးသန့်ဖြစ်မည့်ဟု သိရသည်။
ယခုတည်ဆောက်သည့် ချင်းပြည်နယ်လွှတ်တော် အဆောက်အအုံသည် အမေရိကန်လွှတ်တော် အဆောက်အအုံနှင့် ပုံစံတူဖြစ်ကြောင်း သိရသည်။
Credit: Zaygwet Journal