ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
နိုင်ငံခြားဘဏ်ခွဲများ ငွေချေးခွင့်အပါအဝင် ဘဏ်လုပ်ငန်းအချို့ လုပ်ကိုင်ခွင့်နှင့် ပတ်သက်သော ကြေညာချက်များကို လာမည့်သီတင်းပတ်များတွင် ထပ်မံထုတ်ပြန်မည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထိပ်ပိုင်း အရာရှိအချို့က ပြောသည်။ နိုင်ငံခြားဘဏ်ခွဲများကို ပြည်တွင်းစီးပွားရေးလုပ်ငန်းများအား ငွေချေးခွင့်ပြုသည့် ညွှန်ကြားချက် နိုဝင်ဘာ ၈ ရက်က ထုတ်ပြန်ပြီးနောက် အသေးစိတ်အချက်အလက်များကို လာမည့်တစ်ပတ် တွင် ထပ်မံထုတ်ပြန်မည်ဖြစ် သည်။
နိုင်ငံခြားဘဏ်ခွဲများ ငွေချေးခွင့်ပြုရာတွင် အတိုးနှုန်းနှင့် ပတ်သက်ပြီး ပြည်တွင်းပုဂ္ဂလိက ဘဏ်များက စိုးရိမ်နေသကဲ့သို့ စီးပွားရေးလုပ်ငန်းရှင်များကလည်း သက်သာသည့် အတိုးနှုန်း ဖြင့် ငွေချေးခွင့်ရမည်ဟု မျှော်လင့်နေသည်။
နိုင်ငံခြားဘဏ်ခွဲများကို ငွေချေးခွင့်ပြုရာတွင် ပုဂ္ဂလိကဘဏ် အတိုးနှုန်းဖြင့်သာ ငွေချေးခွင့်ပြု မည်ဖြစ်ပြီး ကျပ်ငွေကိုသာခွင့်ပြုမည်ဟု ဗဟိုဘဏ်ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းသော်က သတင်းမီဒီယာအချို့အား ပြောသည်။ ဘဏ်အတိုးနှုန်းအပါအဝင် နိုင်ငံခြားဘဏ်ခွဲများ၏ လုပ်ငန်းစဉ်အချို့နှင့် ပတ်သက်၍ ညွှန်ကြားရေးမှူးချုပ်သို့ 7Day Daily သတင်းစာက ဆက်သွယ်မေးမြန်းရာ ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌအချို့က ဖြေကြားခွင့်မပေးခြင်းကြောင့် လတ်တလောမပြောနိုင်သေးကြောင်း ပြောကြားသည်။
နိုင်ငံခြားဘဏ်ခွဲများ ငွေ ချေးခွင့်ပြုကြောင်း ညွှန်ကြားစာ ကို လက်မှတ်ရေးထိုးပြီး ထုတ်ပြန် သည့် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက အတိုးနှုန်းပြဿနာ နှင့်ပတ်သက်၍ ‘‘အတိုးနှုန်းနဲ့ ပတ်သက်တာက ပြောဖို့စောပါသေးတယ်’’ဟု တုံ့ပြန်ပြောကြားသည်။ အတိုးနှုန်းသတ်မှတ်ရန် စနစ်တကျလုပ်ဆောင်မည်ဖြစ်၍ လွယ်လွယ်ကူကူ ပြော၍မရ ကြောင်း ၎င်းက ရှင်းပြသည်။
လက်ရှိ စီးပွားရေးလောကတွင် နိုင်ငံခြားဘဏ်များမှ ငွေချေးခွင့်ပြုခြင်းကို စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက ကြိုဆိုခဲ့သည်။ ပြည်တွင်းဘဏ်အတိုးနှုန်းကြောင့် ငွေချေးရန် အခက်အခဲ ဖြစ်နေချိန်တွင် ဗဟိုဘဏ်၏ ညွှန်ကြားချက်က ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို ထွက်ပေါက်တစ်ခု ဖန်တီးပေးသကဲ့သို့ ဖြစ်လာသည်ဟု မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောသည်။
စီးပွားရေးလုပ်ငန်းရှင်များ က ပြည်တွင်းဘဏ်အတိုးနှုန်း ထက်များစွာလျော့နည်းသော အ တိုးနှုန်းဖြင့် နိုင်ငံခြားဘဏ်များမှ ငွေချေးယူခွင့်ကို မျှော်လင့်နေကြောင်း ၎င်းက ပြောသည်။
Credit: 7Daydaily