ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဟောင်ကောင်၏ စီးပွားရေးအချက်အခြာကျသည့် ဒေသများတွင် ရုံးခန်းငှားရမ်းခများ ဆက်လက်မြင့်တက်လာလျက်ရှိနေသောကြောင့် ဥရောပနှင့် အမေရိကန်နိုင်ငံတကာ ကုမ္ပဏီများစွာ ရုပ်သိမ်းလျက်ရှိကြောင်း ယိစိုင်းဂလိုဘယ်သတင်းတစ်ရပ်တွင် ဖော်ပြသည်။
“တစ်ချို့ရုံးခန်းတွေရဲ့ ငှားရမ်းခဆိုရင် စတုရန်းတစ်ပေကို ဟောင်ကောင်ဒေါ်လာ ၂၀၀ (ကန်ဒေါ်လာ ၂၅ ဒသမ ၄၉) အထိ မြင့်တက်လာနေပါတယ်။ ဒီလိုဖြစ်ရတာက အဓိကအားဖြင့်တော့ ဟောင်ကောင်ရဲ့ စီးပွားရေးအချက်အခြာကျတဲ့နေရာတွေကို တရုတ်ကုမ္ပဏီတွေ အလုံးအရင်းဝင်ရောက်လာတာကြောင့် ဖြစ်ပါတယ်။ ဥရောပနဲ့ တခြားနိုင်ငံတကာကုမ္ပဏီတွေဟာ ကုန်ကျစရိတ် လျှော့ချနိုင်ဖို့အတွက် ဟောင်ကောင်အရှေ့ဘက်ဒေသတွေနဲ့ ကောင်းလုံအရပ်တွေကို ရွှေ့ပြောင်းသွားကြပါတယ်” ဟု Jones Lang LaSalle ၏ သုတေသနဌာန မန်နေဂျာ မာအန်ပင်းက ပြောကြားသည်။
ဒီဂျစ်တယ် ငွေကြေးလဲလှယ်မှုကုမ္ပဏီ BitMEX သည် စီးပွားရေးအချက်အခြာကျရာဒေသရှိ ချုံကောင်းစင်တာကြီး၏ ၄၅ ထပ်တစ်ခုလုံးကို ပြီးခဲ့သော သြဂုတ်လအတွင်းက တစ်စတုရန်းပေလျှင် ဟောင်ကောင်ဒေါ်လာ ၂၂၅ (ကန်ဒေါ်လာ ၂၈ )ဖြင့် ငှားရမ်းခဲ့ပြီး စုစုပေါင်းအကျယ်အဝန်းမှာ စတုရန်းပေ ၂၀၀၀၀ခန့်ရှိသည်။
အမေရိကန်ရင်းနှီးမြှုပ်နှံမှုဘဏ်ကြီး Goldman Sachs ကမူ မူလက စီးပွားရေးအချက်အခြာဒေသတွင် ရုံးစိုက်ခဲ့ရာမှ ယခုနှစ်ပထမ ၃ လပတ်ကာလအတွင်း Lee Garden Three အရပ်သို့ ရွှေ့ပြောင်းခဲ့သည်။
Ernst & Young ၏ ဟောင်ကောင်ကုမ္ပဏီခွဲသည်လည်း မူလက Citic Plaza တွင် ရုံးစိုက်ခဲ့ရာမှ နောက်ပိုင်းတွင် ဟောင်ကောင်အရှေ့ပိုင်းသို့ ပြောင်းရွှေ့ခဲ့ရာ ကုမ္ပဏီအတွက် တစ်လလျှင် ဟောင်ကောင်ဒေါ်လာ ၄ သန်း (ကန်ဒေါ်လာ ၅၀၀၀၀၀ ) ခန့် သက်သာသွားသည်ဟု ဆိုသည်။
ဟောင်ကောင်တွင် ပထမတန်းစားရုံးခန်းနေရာ ငှားရမ်းထားမှုစုစုပေါင်းမှာ စတုရန်းပေ ၅၀၀၀၀၀ ခန့်အထိရှိပြီး ယင်းအနက် ၆၀ ရာခိုင်နှုန်းခန့်မှာ တရုတ်ကုမ္ပဏီများက ငှားရမ်းထားကြခြင်းဖြစ်ပြီး ယခင်က ၃၀ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂ ဆမြင့်တက်လာခြင်းလည်း ဖြစ်သည်။
ယခုနှစ် ဒုတိယပတ်ကာလအတွင်း ဟောင်ကောင်အငှားဈေးကွက်သို့ ရောက်ရှိလာသည့် ရုံးခန်းသစ်များ၏ ၈၅ ရာခိုင်နှုန်းကို တရုတ်ကုမ္ပဏီများက ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)