ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဒလမြို့နယ်ရှိ ကိုရီးယား-မြန်မာချစ်ကြည်ရေး(ဒလ) တံတားတည်ဆောက်နိုင်ရေးအတွက် ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၁ ရက်တွင် ကျင်းပမည်ဖြစ် ကြောင်း နိုဝင်ဘာ ၃ ရက် နံနက် ၁ဝ နာရီခွဲက ဒလမြို့နယ် အုပ်ချုပ်ရေးမှူးရုံးခန်းမ၌ ပြုလုပ်သည့် တံတားတည်ဆောက် ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။
ညှိနှိုင်းဆွေးနွေးပွဲတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကောင်းချိုက ဒလ တံတား ပန္နက်တော်တင်မင်္ဂလာကျင်းပမည့် အစီအစဉ်များ၊ စီမံကိန်းဧရိယာအား ကြိုတင်ရှင်းလင်းထားရှိရေး ရှင်းလင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ပြည်သူများမျှော်လင့် နေသည့် ဒလတံတားအမှန်တကယ်ဆောက်လုပ်မည် ဖြစ်ပြီး ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားတွင် လိုအပ်သည့် ပြင်ဆင်မှုများအား ဆောင်ရွက်ထားရန်နှင့် ဆပ်ကော်မတီများ ဖွဲ့စည်းထားရှိရေးအခြေအနေများကို ဆွေးနွေးပြောကြားသည်။
ဒလတံတားတည်ဆောက်ရာတွင် တံတားနှင့်အတူ အချင်း တစ်ပေခွဲရှိ ရေပိုက်လိုင်း(ဘယ်/ညာ) နှစ်လိုင်းပါရှိ မည်ဖြစ်ကြောင်း၊ တံတား၏ ရန်ကုန်ဘက်ခြမ်းခြေဆင်းသည် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုန်းကြီးလမ်းထောင့် (သူနာပြုတက္ကသိုလ်ရှေ့)ဖြစ်ပြီး ဒလဘက်ခြမ်းတွင် ဗိုလ်ဥတ္တမလမ်းထိပ်ဖြစ်ကြောင်း၊ တံတားတည်ဆောက် မှုမှာ သုံးနှစ်ခွဲကြာမြင့်မည်ဖြစ်ကြောင်း ညှိနှိုင်းဆွေးနွေးပွဲမှ သိရသည်။
ထို့နောက် တက်ရောက်လာကြသူများက တံတားတည်ဆောက်ရေး ပန္နက်တော်တင်မင်္ဂလာအခမ်းအနား နှင့်ပတ်သက်၍ အကြံပြုဆွေးနွေးကြသည်။
Credit: The Mirror