ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဗြိတိန်နိုင်ငံ၊ ဝေလပြည်၏ ကမ်းရိုးတန်းတွင် မြင်းကောင်ရေ ၄၅၀ အား အင်ဂျင်တပ်ဆင်ထားပြီး တစ်နာရီလျှင် မိုင် ၁၀၀ ကျော် သွားလာနိုင်သည့် ရွေ့လျားနေအိမ်မှာ စံချိန်သစ်များ အကြိမ်ကြိမ်ချိုးခဲ့သည်။
အသက် ၅၄ နှစ်အရွယ်ရှိ မစ္စတာ ကီဗင်နစ်ခ်ဆိုသူက ပေါင် ၁၃၀၀၀ တန်ကြေးရှိ ကမ္ဘာ့အလျင်မြန်ဆုံး ရွေ့လျားအိမ်ကို တီထွင်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ဝေလပြည်နယ်၊ အနောက်တောင်ပိုင်း ကာမာသန်ရှိုင်းယားရှိ သဲသောင်ပြင်ပေါ်တွင် ပထမဆုံးစတင်စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က အမြန်နှုန်းမှာ တစ်နာရီလျှင် မိုင် ၈၀ နှုန်းသွားလာနိုင်ခဲ့သည်။
မစ္စတာနစ်ခ်သည် အောက်စ်ဖို့ရှိုင်းယားရှိ ချစ်ပင်းနော်တန်အရပ်မှ ဥယျာဉ်မှူးတစ်ဦးဖြစ်ပြီး မူလအင်ဂျင်နေရာတွင် မြင်းကောင်ရေ ၄၅၀ အားရှိသော Audi RS4 အင်ဂျင်ကို ပြောင်းလဲတပ်ဆင်လိုက်ပြီး ယခုအခါ တစ်နာရီလျှင် ၁၀၁ ဒသမ ၀၄ မိုင်နှုန်းဖြင့် မူလစံချိန်ကို ဖြတ်ကျော်နိုင်ခဲ့သည်။
မစ္စတာနစ်ခ်က ပြောကြားရာတွင် သမီးဖြစ်သူကို ကျောင်းပို့ရန်နှင့် ဈေးဝယ်ထွက်ရန်အတွက် ယခုယာဉ်ကို ဆောက်လုပ်ခဲ့ခြင်းဖြစ်သည့်အပြင် တမူထူးခြားမှု တစ်ခုပြုလုပ်လိုသည့်အတွက်လည်း ဖြစ်သည်ဟု ဆိုသည်။
ယခုအချိန်ထိ ကမ္ဘာပေါ်တွင် လမ်းပေါ်တရားဝင်မောင်းနှင်ခွင့်ရသည့် တစ်ခုတည်းသော စက်တပ်နေအိမ်လည်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
Volkswagen Passat ကားပျက်တစ်စင်းကို မစ္စတာနစ်ခ်က နေအိမ်တစ်လုံးအသွင်ပြောင်းလဲပေးလိုက်ခြင်း ဖြစ်သည်။
နစ်ခ်က သူ၏ရွေ့လျားအိမ်တွင် နှိမ့်နိုင်မြှင့်နိုင်သည့် ဟိုက်ဒရောလစ်စနစ်၊ လေအေးပေးစက်နှင့် အီလက်ထရောနစ် ဖွင့်ပိတ်စနစ် ပြတင်းပေါက်များ တပ်ဆင်ထားသည်။
“အင်ဂျင်က အော်ဒီအင်ဂျင်ပါ။ ဂျာမန်တွေ မလုပ်တဲ့ဟာကို ကျွန်တော်လုပ်ခဲ့တာပါ။ ဗောက်စ်ဝက်ဂွန်းမှာ အော်ဒီအင်ဂျင် တပ်ခဲ့တာ ဖြစ်ပါတယ်” .
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)