ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ပေါင် သန်း ၁၅၀ နီးပါး ထီပေါက်ခဲ့သည့် ဂျီလီယန် ဘေးဖို့ဒ်အမည်ရှိ အမျိုးသမီးသည် စကော့တလန်ရှိ နေအိမ်ကို ပေါင် ၇ သိန်းကျော်ဖြင့် အရောင်းဈေးကွက်တင်လာသည်။
ဂျီလီယန်သည် အဆိုပါနေအိမ်ကို ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြီးနောက်ပိုင်း ခင်ပွန်းထံမှ ပြန်လည်ဝယ်ယူထားခဲ့ခြင်း ဖြစ်သည်။
စကော့တလန်နိုင်ငံ၊ ဒန်ဒီမြို့အနီး တေးမြစ်ကမ်းပေါ်ရှိ ကျောက်ဆောင်တစ်ခုပေါ်တွင် တည်ရှိသော နေအိမ်ဖြစ်ပြီး Reflection ဟု အမည်ပေးထားသည်။
နေအိမ်မှာ ၄ ထပ်အဆောက်အအုံဖြစ်ပြီး အိပ်ခန်း ၅ ခန်းပါဝင်ကာ သီးသန့်လမ်းတစ်ခုပေါ်တွင် တည်ရှိသည်။
ယခုခေါ်ဈေးဖြစ်သော ပေါင် ၇၃၅၀၀၀ မှာ လန်ဒန်မြို့တော်ရှိ ပျှမ်းမျှလုံးချင်းအိမ်ပေါက်ဈေးထက် အနည်းငယ် များပြားနေပြီး လန်ဒန်တွင် ပျှမ်းမျှပေါက်ဈေး ပေါင် ၆၄၈၈၅၉ ခန့်သာ ရှိသည်။
ခင်ပွန်းဟောင်းဖြစ်သူ အေဒရီယန်က ၂၀၁၅ ခုနှစ်တွင် ဝယ်ယူခဲ့ခြင်းဖြစ်သော်လည်း လင်မယားကွာရှင်းပြီးနောက် မစ္စက် ဘေးဖို့ဒ်၏ အိမ်ခြံမြေကုမ္ပဏီသို့ ရောင်းချခဲ့သည်။
မစ္စက် ဘေးဖို့ဒ်သည် မူလက အဆိုပါနေအိမ်ကြီးတွင် နေထိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းဒေသတွင်းရှိ အခြားနေအိမ်တစ်လုံးသို့ ပြောင်းရွှေ့ခဲ့သည်။
ထီပေါက်ပြီးနောက်ပိုင်း မစ္စက်ဘေးဖို့ဒ်သည် အိမ်ခြံမြေကုမ္ပဏီတစ်ခု တည်ထောင်လိုက်ပြီး လက်ရှိတွင် တိုက်ခန်းနှင့် နေအိမ်ပေါင်း ၂၅ လုံးခန့် ပိုင်ဆိုင်ထားသည်။
ဈေးကွက်တင်ပေးခဲ့သည့် Savills ကုမ္ပဏီမှ အကျိုးဆောင်များက ပြောကြားရာတွင် မြစ်ကမ်းနံဘေးတွင် တည်ရှိခြင်း၏ အားသာချက်ကို ရယူနိုင်ရန် Reflection စံအိမ်ကြီးကို ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း၊ မြစ်၏အလှများကို ရှုမြင်ခံစားနိုင်ရန်အတွက် ကြီးမားသော မှန်ချပ်ကြီးများနှင့် လသာဆောင်များ များစွာထည့်သွင်းထားကြောင်း ပြောကြားသည်။
စံအိမ်ကြီးမှာ အလင်းရောင်ကောင်းမွန်သည့်အပြင် နေရာကျယ်ပြောစွာ ဆောက်လုပ်ထားခြင်းကြောင့် အားလပ်ရက် အပန်းဖြေစံအိမ်အဖြစ်သာမကဘဲ ပင်မအခြေစိုက် နေအိမ်အဖြစ်ပါအသုံးပြုနိုင်ကြောင်းလည်း Savills ကုမ္ပဏီမှ အကျိုးဆောင်များက ပြောကြားသည်။
မစ္စက်ဘေးဖို့ဒ်၏ ခင်ပွန်းဟောင်း အေဒရီယန် ဘေးဖို့ဒ်က ၂၀၁၅ ခုနှစ်တွင် ပေါင် ၇၂၅၀၀၀ ဖြင့် ဝယ်ယူခဲ့သော်လည်း လင်မယား ကွာရှင်းပြီးနောက် အေဒရီယန်ဘေးဖို့ဒ်က ဇနီး၏ A&G Properties ကုမ္ပဏီထံ ပေါင် ၆၂၅၀၀၀ ဖြင့် ရောင်းချခဲ့သည်။
အီလက်ထရောနစ်စနစ်များ တပ်ဆင်ထားသည့် ကိုယ်ပိုင် ယာဉ်မောင်းလမ်းပါဝင်ပြီး မော်တော်ယာဉ်များစွာ ရပ်နားနိုင်သည့် ကားပါကင်နေရာလည်း ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)