ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည်စွန့်လွှတ်သည့် သိမ်းဆည်းမြေများအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၃)နှင့် ပုံစံ(၇)များပေးအပ်ပွဲကို အခမ်းအနားဖြင့်ကျင်းပကာ မူလတောင်သူများထံ ပေးအပ်လျက်ရှိသည်။
အောက်တိုဘာ ၃၀ ရက်နေ့တွင် သပိတ်ကျဉ်းမြို့နှင့် ၃၁ ရက်နေ့တွင် ပြင်ဦးလွင်မြို့တို့၌ ပြုလုပ်သည့် အခမ်းအနားသို့ နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သည်။
အစိုးရသစ်လက်ထက်၌ တိုင်းဒေသကြီးအတွင်း သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများက စွန့်လွှတ်အပ်နှံသည့် မြေဧရိယာ ၁၅၈၁၃ ဒသမ ၄၂၉၇ ဧက စွန့်လွှတ်ခဲ့ကာ မူလတောင်သူများထံသို့ မြေဧရိယာ ၆၆၈၈ ဒသမ ၈၆၀၆ ဧကကို လွဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်သည်။ လွှဲပြောင်းရန် ၉၁၂၄ ဒသမ ၅၆၉၁ ဧကသာကျန်ရှိနေသည်။
“လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခံရမှုတွေ ပြန်လည်ချထားပေးအပ်ရာမှာ အခက်အခဲတွေ ကြုံတွေ့ ရပြီး ကြံ့ကြာမှုတွေရှိပါတယ်။မြေယာတွေမှာ သီးစားချထားပေးထားတာတွေ ဖယ်ရှားရှင်းလင်းပြီးမှ မူလတောင် သူတွေလက်ဝယ် အချိန်ကြံ့ကြာမှုမရှိဘဲ အမြန်ပေးအပ်နိုင်မှာပါ။တောင်သူတွေအနေနဲ့ တရားဝင် လုပ်ပိုင်ခွင့် ရရှိတဲ့ တောင်သူတွေအနေနဲ့ မိမိတို့မိသားစုလူမှုဘဝ စီးပွားရေး ဖွံဖြိုးတိုးတက်အောင် ရိုးသားကြိုးစားလုပ် ကိုင်ကြဖို့လိုပါတယ်”ဟု နိုင်ငံတော်ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက သပိတ်ကျဉ်းမြို့တွင် အောက်တိုဘာ ၃၀ ရက်ကပြုလုပ်သည့် မြေယာလုပ်ပိုင်ခွင့်လက်မှတ်ပေးအပ်ပွဲ၌ ပြောကြားခဲ့သည်။
အောက်တိုဘာ ၁၄ ရက်မှ ၃၁ ရက်နေ့အတွင်း သိမ်းဆည်းမြေယာများကို မူလတောင်သူများထံပုံစံ ၃နှင့် ပုံစံ ၇ များပေးအပ်ခြင်းအခမ်းအနားများပြုလုပ်ခဲ့သည်။
အောက်တိုဘာ ၁၄ ရက်နေ့က ပုသိမ်ကြီးမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှ စွန့်လွှတ်မြေ ဧရိယာ ၂ ဒသမ ၁၈ဧက ပုံစံ(၃)ထုတ်ပေးခြင်းနှင့် မြို့နယ်စက်ရုံတည်ဆောက်ရန်သိမ်းဆည်းမြေ ၆ ဒသမ ၅၀ ကိုတောင်သူနှစ်ဦးထံ လျော်ကြေးငွေပေးအပ်ခြင်းတို့ လုပ်ဆောင်ခဲ့သည်။
အောက်တိုဘာ ၂၇ရက်နေ့က ပြင်ဦးလွင်ကျေးရွာအုပ်စု ၁၂ ခုမှ မြေဧရိယာ ၄၉၆ ဒသမ ၆၄ဧကအတွက် တောင်သူ ၁၄၉ဦးအားလည်းကောင်း၊၂၈ရက်နေ့က မြင်းခြံမြို့နယ် ကျေးရွာအုပ်စု ၆၃စုမှ မြေဧရိယာ ၄၂၂၈ ဒသမ၂၃ ဧကအတွက် တောင်သူ ၂၀၇၂ဦးအားလည်းကောင်း မြေယာ ပုံစံ ၇ များ ပေးအပ်ခဲ့သည်။
ဆက်လက်၍ သပိတ်ကျင်းမြို့နယ် ကာကွယ်ရေးဝန်ကြီးဌာနအမှတ်(၁၁၆)ခြေမြန်တပ်ရင်းမှ စွန့်လွှတ်မြေ ၁၈၅၀ ဧကအနက် စိုက်ပျိုးနိုင်မည့်မြေ ၄၈၆ ဒသမ ၆၁ ဧက၊အမှတ်(၁၁၉)ခြေလျင်တပ်ရင်းမှ စွန့်လွှတ် ၂၅၀ ဧကမှ စိုက်ပျိုးနိုင်မည့်မြေ ၂၀၇ ဒသမ ၄၅ ဧက၊အမှတ်(၄)ခြေလျင်တပ်ရင်းမှ စွန့်လွှတ်မြေ ၄၉၀အနက် စိုက်ပျိုးနိုင်မည့် ၄၁၃ ဒသမ၅၃ ဧက၊ စုစုပေါင်း ပြန်လည်စွန့်လွှတ်မြေဧရိယာ ၁၁၀၇ ဒသမ ၅၉ ဧကကို မူလပိုင်ရှင်တောင်သူ ၁၂၄ဦးထံ မြေယာပုံစံ(၃)များ ပေးအပ်ခဲ့သည်။
Credit: The Myanmar Times