ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဆော်ဒီအာရေးဘီးယား၏ ဆောက်လုပ်ရေးကဏ္ဍမှာ အရှိန်ကောင်းစွာဖွံ့ဖြိုးလျက်ရှိပြီး လက်ရှိအားဖြင့် ဆောက်လုပ်ရေးစီမံကိန်းပေါင်း ၅၂၀၀ ကျော် အကောင်အထည်ဖော်လျက်ရှိသည်။
ဆော်ဒီအာရေးဘီးယားသည် ဒေသတွင်းတွင် အကြီးမားဆုံးနှင့် လူဦးရေအများဆုံးနိုင်ငံကြီး ဖြစ်သည်။
ဆော်ဒီတွင် ပထမဆုံးဖြစ်သော The Big 5 Saudi အမည်ရှိ ဆောက်လုပ်ရေးလုပ်ငန်းပြပွဲကို လာမည့် မတ်လ ၁၀ ရက်မှ ၁၃ ရက်အထိ ကျင်းပသွားရန်လည်း စီစဉ်လျက်ရှိသည်။
Jeddah Centre တွင်ကျင်းပမည့် အဆိုပါပြပွဲကြီးတွင် ဆွေးနွေးပွဲများ၊ ပြပွဲများကျင်းပသွားမည်ဖြစ်ကာ ပြည်တွင်းနှင့် နိုင်ငံတကာမှ ကုမ္ပဏီပေါင်း ၄၀၀ ကျော် ပါဝင်ပြသသွားမည် ဖြစ်သည်။
ဆော်ဒီတွင် အကောင်အထည်ဖော်နေသော ဆောက်လုပ်ရေးလုပ်ငန်းများ၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ ၈၁၉ ဘီလီယံရှိပြီး ယင်းပမာဏမှာ ပင်လယ်ကွေ့နိုင်ငံများတွင် အကောင်အထည်ဖော်နေသည့် ဆောက်လုပ်ရေးစီမံကိန်းစုစုပေါင်း၏ ၃၅ ရာခိုင်နှုန်းရှိသည်။
သို့ရာတွင် ဆော်ဒီဆောက်လုပ်ရေးကဏ္ဍရင်ဆိုင်ရလျက်ရှိသော စိန်ခေါ်မှုများရှိရာ ရေနံဈေးနှုန်းကျဆင်းခြင်းနှင့် အရည်အသွေးမြင့် လုပ်သားရှားပါးခြင်းတို့ ပါဝင်သည်။
ယခုနှစ်အတွင်း ဆော်ဒီ၏ ဆောက်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးမှုမှာ ၄ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည်ဟု ဆိုသည်။
BMI ၏ သုတေသနအရ ဆော်ဒီဆောက်လုပ်ရေးကဏ္ဍသည် ယခု ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း ပျှမ်းမျှနှစ်စဉ်ဖွံ့ဖြိုးမှု ၆ ဒသမ ၁၃ ရာခိုင်နှုန်းရှိဖွယ်ရှိကြောင်း ဟောကိန်းထုတ်ထားသည်။
“ဆော်ဒီအာရေးဘီးယားရဲ့ Vision 2030 စီမံကိန်းဟာ ဆောက်လုပ်ရေးကဏ္ဍကို ပြန်လည်အသက်ဝင်လာစေပြီး နိုင်ငံတကာ ပလေယာတွေရဲ့ စိတ်ဝင်စားမှုများပြားလာတာတွေ တွေ့ရပါတယ်” ဟု The Big 5 Saudi ပွဲဖြစ်မြောက်ရေး ဒါရိုက်တာ ရိုနီ အယ်လ် ဟာဒက်က ပြောကြားသည်။
မြို့ပြဆောက်လုပ်ရေးကဏ္ဍသည် ဆော်ဒီဆောက်လုပ်ရေးကဏ္ဍကြီးတစ်ခုလုံးတွင် အကြီးမားဆုံးပမာဏဖြင့် ပါဝင်လျက်ရှိရာ စီမံကိန်းပေါင်း ၃၇၂၇ ရှိပြီး တန်ကြေးအားဖြင့် ကန်ဒေါ်လာ ၃၈၆ ဒသမ ၄ ဘီလီယံဖိုးရှိသည်။
ဆော်ဒီ၏မြို့တော် ရီယာ့ဒ်တွင် “The Avenues - Al Malqa” အမည်ရှိ ဘက်စုံသုံးဆောက်လုပ်ရေးစီမံကိန်းကြိးကို ကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံအကုန်အကျခံ အကောင်အထည်ဖော်လျက်ရှိပြိး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အပြီးသတ်မည်ဖြစ်ကာ အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၁ ဒသမ ၇ သန်းရှိသည်။
၂၀၂၂ တွင်ပင် ဖွင့်လှစ်မည့် Mall of Saudi – An Narjis ကိုလည်း Majid Al Futtaim Group က အကောင်အထည်ဖော်လျက်ရှိပြီး ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ တန်ကြေးရှိသည်။
“ရီယာ့ဒ်မှာ ဆော်ဒီအာရေးဘီးယား အမျိုးသားအစောင့်အဖွဲ့ကလည်း ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ ရင်းနှီးမြှုပ်နှံပြီး စတုရန်းမီတာ ၇ သန်းအကျယ်အဝန်းမှာ လူနေအိမ်ပေါင်း ၆၀၀၀ ဆောက်လုပ်လျက်ရှိနေပါတယ်” ဟု ရိုနီ အယ်လ် ဟာဒက်က ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)