ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
သံပြားခွံတွေနဲ့ ခန္ဓာကိုယ်ကို ဖုံးလွှမ်းထားတဲ့ လိပ်တစ်ကောင်အလား ထင်မှတ်ရတဲ့ ကျွန်းငယ်လေးအကြောင်း တင်ဆက်ပေးချင်ပါတယ်။
ကျောက်သားကျောင်စိုင်အတိပြီးတဲ့ အဲ့ဒီကျွန်းငယ်လေးဟာ ယူဂန်ဒါနိုင်ငံနဲ့ ကင်ညာနိုင်ငံအကြား နယ်စပ်ရှိ ဗစ်တိုးရီးယားကန်ရေပြင်ထဲမှာ တည်ရှိပါတယ်။
Migingo လို့ အမည်ရတဲ့ အဲ့ဒီကျွန်းငယ်လေးပေါ်မှာ သံပြားအိမ်ငယ်လေးတွေ အပြည့်နဲ့ ဆိပ်ကမ်းငယ်လေးတစ်ခုကို တွေ့ရမှာပဲ ဖြစ်ပါတယ်။
Migingo ဟာ ယူဂန်ဒါနဲ့ ကင်ညာအကြားက ပိုင်နက်အငြင်းပွားမှုရဲ့ တင်းမာမှုရင်းမြစ်တစ်ခု ဖြစ်လို့လာပါတယ်။ ကျွန်းသူကျွန်းသားတွေအနေနဲ့လည်း ဒီကျွန်းကို ဘယ်နိုင်ငံက ပိုင်ဆိုင်တယ်ဆိုတာကို မသိတော့ဘဲ သူတို့မှီတင်းနေထိုင်ရာကျွန်းလို့ပဲ ခေါင်းထဲရှိပါတော့တယ်။
နှစ်ဖက်အပြိုင်အဆိုင် လုံခြုံရေးတပ်ဖွဲ့တွေစေလွှတ်ခဲ့တဲ့ ၂၀၀၉ ခုနှစ်နောက်ပိုင်းမှာတော့ ၁၉၂၀ ပြည့်လွန်နှစ်တွေက ရေးဆွဲခဲ့တဲ့ မြေပုံကို အမှီပြုပြီး နယ်စပ်သတ်မှတ်ရေး ပူးတွဲကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ နှစ်နိုင်ငံအစိုးရတွေက ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ခုထိတော့ ဘာတစ်စုံတစ်ရာမှ မထူးခြားသေးပါဘူး။
နယ်စပ်မသတ်မှတ်ရသေးခင်အထိကတော့ အဲ့ဒီကျွန်းကို နှစ်နိုင်ငံစလုံးက ဆက်လက်ပူးတွဲအုပ်ချုပ်ကြမှာပါ။
ကင်ညာပိုင်မလား ယူဂန်ဒါပိုင်မလား ဆိုတာထက် Migingo ကျွန်းသူကျွန်းသားတွေကတော့ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းဖြစ်တဲ့ ငါးဖမ်းလုပ်ငန်း အဆင်ပြေဖို့ပဲ စိတ်ဝင်စားကြတာပါ။
ကင်ညာကနေ လာရောက်နေထိုင်တဲ့ ငါးဖမ်းသမား အီမန်နျူအာရင်ဂိုကတော့ "ဒီကျွန်းကို ဘယ်ကပိုင်တယ်ဆိုတာ ကျွန်တော်မသိပါဘူး။ ဒါတွေက နိုင်ငံရေးကိစ္စပါ။ ကျွန်တော်တို့ကတော့ ကျွန်တော်တို့ဖမ်းမိတဲ့ငါးတွေ ရောင်းရဖို့ပဲ သိပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။
Migingo ကျွန်းသူကျွန်းသားတွေဟာ ဖမ်းလို့ရတဲ့ငါးတွေကို ကင်ညာနဲ့ ယူဂန်ဒါတို့မှာ ပြန်သွင်းပြီး အသက်မွေးဝမ်းကျောင်းကြတာဖြစ်ကြောင်း သိရှိရပါတယ်ရှင်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com