ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဖလွိုက်မေဝဲသာသည် အမေရိကန်ပြည်ထောင်စု၏ သဲကန္တာရမြို့ဖြစ်သော လာ့စ်ဗီးဂပ်တွင် ဝိုင်သိုလှောင်ခန်း၊ စပျစ်ခြံ၊ ဧည့်ဂေဟာအိမ် ၂ လုံး၊ မြေအောက်ကားဂိုဒေါင်တို့ ပါဝင်သည့်စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၀ သန်းဖြင့် ဝယ်ယူလိုက်ပြီဖြစ်သည်။
အိပ်ခန်းပေါင်း ၁၁ ခန်းအပြင် အားကစားလေ့ကျင့်ရေးခန်းမလည်း ပါဝင်သော စံအိမ်ကြီးကို ဗွီဒီယိုရိုက်ကူးကာ မေဝဲသာက သူ၏ အင်စတာဂရမ်လူမှုကွန်ရက်အကောင့်တွင် လွှင့်တင်ခဲ့သော်လည်း အသေးစိတ်ပါဝင်ခဲ့ခြင်း မရှိချေ။
ခြံဝန်းအကျယ် ၁ ဒသမ ၄၁ ဧကရှိပြီး ရေချိုးခန်း ၁၄ ခန်း၊ အိပ်ခန်း ၁၁ ခန်း၊ ကော်လံတိုင်များ စီတန်းထားသည့် မြင့်မားလှသော ဆင်ဝင်၊ အပူပေးစနစ်ထည့်သွင်းထားသည့်ကြမ်းခင်းများအပြင် ဓာတ်လှေကာတစ်ခုလည်း တပ်ဆင်ထားသည်။
မေဝဲသာအတွက် အားကစားလေ့ကျင့်ရေးခန်းမနှင့် ကြီးမားသော ဝိုင်သိုလှောင်ခန်းကြီးအပြင် သူ၏ ကြွယ်ဝမှုများကို ပြသနိုင်ရန်အတွက် ဧည့်သည်များ တည်းခိုရန် ဧည့်ဂေဟာအိမ် ၂ လုံးပါဝင်ကာ အိမ်တွင်းအိမ်ပြင် ရေကူးကန်များနှင့် စပျစ်ခင်းတစ်ခုပင် ပါဝင်သေးသည်။
မေဝဲသာသည် တန်ဖိုးကြီးဇိမ်ခံကား များစွာပိုင်ဆိုင်ခြင်းဖြင့်လည်း နာမည်ကျော်ရာ ယခုအခါ အဆိုပါကားများကို ပြသထားနိုင်မည့် ဂိုဒေါင် ၂ လုံးအပြင် ကားအစင်း ၂၀ ဆန့် မြေအောက်ဂိုဒေါင်တစ်လုံးလည်း ပါဝင်လာသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)