ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အိပ်ခန်း-၁၅ ခန်း
ရေချိုးခန်း-၁၈ ခန်း
ကပွဲခန်းမ
ဝိုင်ပုလင်း ၁၂၀၀၀ ဆန့် ဝိုင်သိုလှောင်ခန်း
ရေကူးကန်ဘေးအိမ်ငယ်ပါဝင်သည့် အလျား ၇၅ ပေရှိသော ရေကူးကန်
တင်းနစ်ကွင်း
ကားအစင်း ၄၀ ဆန့် ကားရပ်နားရန်နေရာ
အမေရိကန်ပြည်ထောင်စုရှိ ဈေးအကြီးဆုံးစံအိမ်ကြီးကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော် ဈေးလျှော့ကာ အရောင်းဈေးကွက် ပြန်တင်လာ သည့်တိုင် တစ်နိုင်ငံလုံးတွင် ဈေးအကြီးဆုံးဖြစ်နေဆဲဖြစ်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့ရှိ ကမ္ဘာကျော်များအခြေချရာ ဘဲအဲရ်အရပ်တွင် တည်ရှိသည်။
ခြံဝန်းအကျယ် ၁၀ ဧကခန့်ရှိသော ခြံကြိးသည် တစ်ချိန်က စပိန်ဘာသာစကားသုံး ရုပ်သံဖြစ်သော Univision ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျရိုးလ်ဒ် ပီရန်ချီယို၏ စံအိမ်ဖြစ်ကာ ၁၉၉၃ ခုနှစ်က ရိုက်ကူးထုတ်လုပ်ခဲ့သည့် ဟာသဇာတ်မြူး The Beverly Hillbillies ဇာတ်ကားတွင် ထည့်သွင်းရိုက်ကူးခဲ့ဖူးသည်။
ပီရန်ချီယိုသည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်းက ကွယ်လွန်သွားရာ ကွယ်လွန်ချိန်တွင် အသက် ၈၆ နှစ်ရှိပြီ ဖြစ်သည်။
ဈေးကွက်တင်သည့်ဈေးနှုန်းမှာ ဒေသတွင်းတစ်ခွင်တွင် ဈေးအကြီးဆုံးဖြစ်ရုံမျှမက အမေရိကန်တစ်ပြည်လုံးတွင်လည်း တန်ဖိုးအကြီးဆုံးအဖြစ် စံချိန်တင်သွားသည်။
ပီရန်ချီယိုသည် အဆိုပါစံအိမ်ကြီးကို ၁၉၈၆ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သော ၂၀၁၇ ခုနှစ်အတွင်း ကန်ဒေါ်လာ သန်း ၃၅၀ ဖြင့် တိတ်တဆိတ်အရောင်းတင်ခဲ့ဖူးသည်။
ယခုအခါတွင်မူ တရားဝင်ဈေးကွက်တင်လာခြင်းဖြစ်ပြီး လော့စ်အိန်ဂျလိတွင် မကြာသေးမီနှစ်များအတွင်း ဈေးကွက်တင်ခဲ့သည့် ကန်ဒေါ်လာ သန်း ၁၀၀ ကျော်တန်ကြေးရှိ အိမ်ခြံမြေ ၁၀ ခုခန့်တွင် တစ်ခုအပါအဝင်ဖြစ်လာသည်။
ယင်းတို့အနက်မှ တစ်ခုမှာ အိမ်ခြံမြေ DEVELOPER တစ်ဦးဖြစ်သူ ဘရုစ် မာကော့စကီး၏ စတုရန်းပေ ၃၈၀၀၀ ရှိသော စံအိမ်ကြီးဖြစ်ပြီး ကန်ဒေါ်လာ ၁၈၈ သန်းဈေးခေါ်ခဲ့ခြင်းဖြစ်သည်။
ပီရန်ချီယို၏ စံအိမ်ကြီးကို လက်ရှိပိုင်ဆိုင်ထားသူမှာ သဘာဝဓာတ်ငွေ့သူဌေးကြီး မိုက်ကယ်စမစ်ဖြစ်ပြိး ယခုနှစ်ဧပြီလအတွင်း ကမ္ဘာကျော် Hard Rock Café တည်ထောင်သူ ပီတာမော်တန်ထံမှ ကန်ဒေါ်လာ သန်း ၁၁၀ ဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
နေအိမ်အကျယ်အဝန်း စတုရန်းပေ ၂၅၀၀၀ ခန့်ရှိပြီး ၁၉၃၀ ပြည့်လွန်ကာလများတွင် မြို့ပြအင်ဂျင်နီယာတစ်ဦးဖြစ်သူ လင်း အက်ကင်ဆန်နေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းနောက်ပိုင်းတွင် ဒီဇိုင်နာ ဟင်နရီ ဆင်မြူရယ်က ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ရာတွင် ပြင်သစ် နီယိုးကလပ်စစ်ကယ်ဟန် စံအိမ်ကြီးတွင် ဝိုင်ပုလင်း ၁၂၀၀၀ ဆန့် ဝိုင်သိုလှောင်ခန်း ပါဝင်လာသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)