ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဟံသာဝတီအပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေး ချေးငွေပေးမည့် ဂျပန်ကုမ္ပဏီ က ၂၀၁၉ မတ်လတွင် ရှေ့ပြေး မြေပြင်ကွင်းဆင်းဆောင်ရွက်ရန် လျာထားကြောင်း လေကြောင်း ဦးစီးဌာန (ရန်ကုန်) ဒုတိယညွှန် ကြားရေးမှူး ဦးဇော်မင်းကပြော သည်။
အောက်တိုဘာ ၂၉ ရက်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတွင် ကျင်းပသည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရက ဖွဲ့စည်းထားသည့် ကော်မတီများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် လေကြောင်းဦးစီးဌာနက တင်ပြခဲ့သည်ဟု တိုင်းအစိုးရက သတင်းထုတ်ပြန်သည်။
‘‘ပထမတင်ဒါအောင်တဲ့ ကုမ္ပဏီကနေ လုပ်ငန်းဆောင် ရွက်မှု နောက်ဆုတ်သွားပြီဖြစ်ပါတယ်။ အခုအခါ ဂျပန်ကုမ္ပဏီ တစ်ခုက ချေးငွေရဖို့ သဘောတူ ညီထားပြီး ဖြစ်ပါတယ်’’ဟု ဦးဇော်မင်းကပြောသည်။
မြေဧက ၉,၆၀၀ ကျော်ရှိ သည့် ဟံသာဝတီအပြည်ပြည် ဆိုင်ရာလေဆိပ် စီမံကိန်းအ ကောင်အထည်ဖော် ဆောင်ရွက် ရန် မြေယာနှင့် သီးနှံလျော်ကြေး ပေးလျော်နိုင်ရန် တိုင်းအစိုးရက ထိုအစည်းအဝေးကို ကျင်းပခြင်း ဖြစ်သည်။ ထိုစီမံကိန်းတွင် ဘုန်း ကြီးကျောင်းကိုးကျောင်း၊ လူနေ အိမ် ၃၆၄ လုံး၊ ယာယီတဲ ၃၆၁ လုံးနှင့် နှစ်ရှည်အခြားသီးနှံစိုက် ပျိုးသူ ၅၃၃ ဦး၏ စိုက်ပျိုးပင်များ ပါဝင်ကြောင်း တိုင်းအစိုးရက သတင်းထုတ်ပြန်သည်။
ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်း သိန်းက ယခုပွင့်လင်းရာသီတွင် လေဆိပ်အတွင်းရှိ ကျူးကျော် များကို လျော်ကြေးပေးခြင်း၊ လေ ယာဉ်ကွင်းပတ်လမ်း ပေ ၁၀၀ အကျယ် ဖောက်လုပ်ခြင်းနှင့် ခြံ စည်းရိုးကာရံခြင်းများ ဆောင် ရွက်ရန်ရှိကြောင်း ပြောကြား သည်။ ထိုသို့ဆောင်ရွက်ရန် တိုင်းဒေသကြီးအဆင့် ကော်မတီသုံးခုဖွဲ့စည်းထားပြီး ထိုကော်မတီဖြင့် ဥပဒေအတိုင်း မြန်မြန်ဆန်ဆန်ဆောင်ရွက်ရန် ပြောကြားသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ခရီးသည်ဝင် ရောက်မှု အကန့်အသတ်ရှိပြီး ပြေးလမ်းတစ်ခုသာရှိ၍ လေ ယာဉ်ကြီး ဆင်းသက်ရန် အခက် အခဲရှိသဖြင့် နိုင်ငံတကာလေဆိပ် အသစ် တည်ဆောက်ရန် လိုအပ် ခြင်းဖြစ်သည်။
ဦးသိန်းစိန် အစိုးရလက် ထက်တွင် ပဲခူးမြို့ ကျောက်တိုင် ရွာအနီး ဂျပန်ခေတ်လေဆိပ်သ ဖွယ် အသုံးပြုသော မြေဧက ၉၀၀ ကျော်၌ ဟံသာဝတီလေဆိပ်အ သစ် အကောင်အထည်ဖော်ရန် စီစဉ်ခြင်းဖြစ်သည်။
စီမံကိန်းအတွက် ဂျပန် JGC ကုမ္ပဏီ၊ စင်ကာပူမှ Yongnam Holdings ကုမ္ပဏီနှင့် Changi Airport International ကုမ္ပဏီ သုံးခုပေါင်းအစုရှယ်ယာပိုင်သည့် စီးပွားရေးလုပ်ငန်းစုကြီးက၂၀၁၄ အောက်တိုဘာတွင် တင်ဒါရရှိ ခဲ့သည်။ ထိုတင်ဒါအောင်ထားမှု သဘောတူညီချက် သက်တမ်း သည် ၂၀၁၈ ဇန်န၀ါရီ၌ ကုန်ဆုံး ခဲ့သည်။
ဟံသာဝတီလေဆိပ်စီမံ ကိန်း အကောင်အထည်ဖော်ရန် မြန်မာအစိုးရနှင့် သဘောတူညီ ချက် သက်တမ်းကုန်ဆုံးပြီဖြစ် သော်လည်း ညှိနှိုင်းမှုအဆင်မပြေ၍ သက်တမ်းမတိုးနိုင်သေး ကြောင်း စင်ကာပူ Yongnam Holdings ကုမ္ပဏီက ဖေဖော်ဝါ ရီ ၂၆ ရက်တွင် ကြေညာချက် ထုတ်ပြန်သည်။
Credit: 7Daydaily