ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ကမ္ဘာကျော် boy band ဖြစ်သော One Direction မှ အဆိုတော် ၊ ဗြိတိသျှ ပေါ့ပ်ကြယ်ပွင့် ဟယ်ရီစတိုင်သည် အမေရိကန်ပြည်၊ လော့စ်အိန်ဂျလိရှိ နေအိမ်ကို ဒေါ်လာ ၅ သိန်းဈေးလျှော့ကာ ဈေးကွက်ပြန်တင်လာသည်။
ဟယ်ရီစတိုင်က အဆိုပါနေအိမ်ကို ပြီးခဲ့သော မေလအတွင်း ပထမဆုံးအရောင်းဈေးကွက်တင်ခဲ့ခြင်း ဖြစ်သော်လည်း ရောင်းမထွက်ခဲ့ချေ။
လော့စ်အိန်ဂျလိမြို့၊ အနောက်မြောက်ပိုင်း Sunset Strip အရပ်တွင် တည်ရှိပြီး ယခုခေါ်ဈေးမှာ ကန်ဒေါ်လာ ၇ ဒသမ ၄၉ သန်းဖြစ်ကြောင်း အရောင်းမှတ်တမ်းများတွင် ဖော်ပြသည်။
နေအိမ်အကျယ်အဝန်း စတုရန်းပေ ၄၄၀၁ ရှိပြီး အိပ်ခန်း ၄ ခန်း ပါဝင်သည်။
ခေါ်ဈေးလျှော့ချလိုက်သည့်နည်းတူ ဈေးကွက်တင်သည့် ကုမ္ပဏီလည်း ပြောင်းလဲသွားပြီး Westside Estate Agency ကုမ္ပဏီမှ အိမ်ခြံမြေအကျိုးဆောင် ကာ့ထ် ရာပါပေါ့ထ်က ဈေးကွက်တင်ပေးခဲ့ခြင်းဖြစ်သည်။
အသက် ၂၄ နှစ်ရှိပြီဖြစ်သော ဟယ်ရီစတိုင်သည် အဆိုပါနေအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၆ ဒသမ ၈၇ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
မေလအတွင်း ဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၈ ဒသမ ၄၉ သန်းဖြစ်၏။ ဟယ်ရီစတိုင် ပိုင်ဆိုင်ထားစဉ်ကာလအတွင်း ခေတ်ပြိုင်ဟန် မွမ်းမံမှုအချို့ ပြုလုပ်ခဲ့ရာ မီးဖိုဆောင်ကြမ်းခင်း၊ ဘားခန်းနှင့် ဧည့်ခန်းနေရာများတွင်ဖြစ်ပြီး မီဒီယာခန်းမကို အနက်ရောင်ဆေးသုတ်ခြင်းလည်း ပါဝင်သည်။
ဟယ်ရီစတိုင်သည် ၂၀၁၆ ခုနှစ်အတွင်း နယူးယောက်မြို့၊ မန်ဟက်တန်၊ ထရိုင်ဘက္ကာအရပ်ရှိ အကျော်အမော်တို့အခြေချရာ 443 Greenwich အဆောက်အအုံကြီးရှိ အိပ်ခန်း ၃ ခန်းပါ လူနေခန်းကို ကန်ဒေါ်လာ ၈ ဒသမ ၇ သန်း သုံးစွဲကာ ဝယ်ယူထားခဲ့သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)