ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ဆွီဒင်တောင်ပိုင်း၊ ဒါစလန်းပြည်နယ်ရှိ မှန်အိမ်ကလေးများသည် စိတ်ဖိစီးမှုကို ၇၀ ရာခိုင်နှုန်း လျှော့ချပေးနိုင်ကြောင်း လေ့လာချက်တစ်ရပ်တွင် ဖော်ပြသည်။
ပြီးခဲ့သော စက်တင်ဘာလအတွင်း စတော့ဟုမ်းရှိ ကာရိုလင်စကာသိပ္ပံမှ သုတေသီတို့သည် allemansrätten ဟူသည့် မှန်အိမ်ကလေးများက လူတို့၏ စိတ်ပိုင်း၊ ရုပ်ပိုင်းအပေါ် အကျိုးသက်ရောက်မှု အခြေအနေများကို လေ့လာရန် သွားရောက်ခဲ့ကြသည်။
ယင်းနောက် စိတ်ဖိစီးမှု များပြားသည့်အလုပ်များ လုပ်ကိုင်နေရသူ ၅ ဦးကို စမ်းသပ်ချက်၌ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခဲ့ရာ ရဲအရာရှိတစ်ဦး၊ အသံလွှင့်ဌာနမှတစ်ဦး၊ စာနယ်ဇင်းသမားတစ်ဦးတို့လည်း ပါဝင်ပြီး ပဲရစ်၊ လန်ဒန်၊ မြူးနစ်နှင့် နယူးယောက်မြို့ကြီးများမှ ဖြစ်ကြသည်။
၎င်းတို့ကို ကမ္ဘာကြီးနှင့် အဆက်အသွယ်မရှိသည့် မှန်အိမ်ငယ်ကလေးများတွင် နေထိုင်စေခဲ့ခြင်းဖြစ်ပြီး အဆိုပါအိမ်ကလေးများတွင် လျှပ်စစ်မီး၊ ဝိုင်ဖိုင်အင်တာနက်များ မရရှိချေ။ သုတေသီတို့က ပြောကြားရာတွင် မှန်အိမ်ကလေးများအတွင်း ၇၂ နာရီ နေထိုင်စေခဲ့ပြိးနောက် စိတ်ဖိစီးမှု လျော့ပါးစေခြင်းအတွက် ကြီးမားသည့် ရလဒ်ကောင်းများ တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။
“စိတ်ဖိစီးမှုအဆင့်ကို ၁၀ မှတ်အထိပေးပြီး ပိုင်းခြားသတ်မှတ်ထားရာမှာ ပါဝင်စမ်းသပ်သူတွေရဲ့ စိတ်ဖိစီးမှုအဆင့်ဟာ ၅ ဒသမ ၃ ကနေ ၁ ဒသမ ၇ လောက်အထိ ကျဆင်းသွားပါတယ်။ စိတ်ဖိစီးမှုအခြေအနေ ၇၀ ရာခိုင်နှုန်းလောက်အထိ ကျဆင်းသွားခဲ့တာ တွေ့ရပါတယ်” ဟု ကာရိုလင်စကာသိပ္ပံမှ တွဲဖက်ပါမောက္ခ၊ စိတ်ဖိစီးမှုဆိုင်ရာသုတေသီ ဝေါလ်တာ အိုဆီကာက ပြောကြားသည်။
သွေးဖိအား၊ စိတ်ဖိစီးမှုအဆင့်နှင့် နှလုံးခုန်နှုန်းတို့ သိသာစွာ ကျဆင်းသွားသည်ကို တွေ့ရသည်ဟု ဆိုသည်။
ပါဝင်စမ်းသပ်သူတို့၏ တီထွင်ဖန်တီးနိုင်မှုနှင့် ကျန်းမာရေးအခြေအနေတို့လည်း များစွာတိုးတက်လာကြသည်။
မှန်နှင့် ကျွန်းသစ်တို့ကို အသုံးပြုဆောက်လုပ်ထားသည့် သစ်လုံးအိမ်ကလေးများကို ဗိသုကာပညာရှင် ဂျင်းနာ ဘာဂါက Henriksholm ကျွန်းပေါ်တွင် ဆောက်လုပ်ခဲ့ပြီး ရေပြင်နှင့် သစ်တောရှုမျှော်ခင်းများကို ကျယ်ပြောစွာ တွေ့မြင်ရသည့် မြင်ကွင်းများရှိသည်။ အိမ်ကလေးများအတွင်း အိပ်ယာတစ်ခုနှင့် မီးအိမ်သာ ထားရှိပေးထားသည်။
အဆိုပါအိမ်ကလေးများတွင် တည်းခိုလိုပါက ယခုအခါ စာရင်းပေးသွင်းနိုင်ပြီဖြစ်ပြီး ဈေးနှုန်းမှာ လူတစ်ဦးလျှင် အနည်းဆုံး 6695 SEK မှ စတင်ကာ ငါးဖမ်းခြင်း၊ လှေလှော်ခြင်းများလည်း ပြုလုပ်နိုင်မည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)