ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကန်ဒေါ်လာ ၁၀၀ ဘီလီယံနီးပါးအထိ ကြွေးမြီတင်ခဲ့သော တရုတ်ကုမ္ပဏီကြီး HNA သည် ကြွေးမြီများ ပြန်လည်ပေးဆပ်ရန်အတွက် ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းအထိ ကန်ဒေါ်လာ ၁၁ ဘီလီယံခန့် တန်ကြေးရှိသော အိမ်ခြံမြေများ ရောင်းထုတ်သွားရန် စီစဉ်လျက်ရှိသည်။
ယခုအခါတွင် ရှန်ကျန်းရှိ အိမ်ခြံမြေတစ်ခုကို ယွမ်ငွေ ၁ ဒသမ ၃၉ ဘီလီယံ (ကန်ဒေါ်လာ သန်း ၂၀၀ ) ဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။
ရှန်ကျန်း ဟိုင်ဟန်မြို့တော် (Shenzhen Haihang City ) ဟု အမည်ရသည့် စီမံကိန်းကြီးသည် အကျယ်အဝန်းအားဖြင့် စတုရန်းမီတာ ၁၄၃၃၀၀ (၁၅၄၂၄၆၈ စတုရန်းပေ) ကျယ်ဝန်းသည်။ ယခုအရောင်းအဝယ်ကို HNA က ရှန်ဟိုင်းစတော့အိတ်ချိန်းတွင် ကြေညာခဲ့ခြင်းဖြစ်ပြီး ဝယ်လက်မှာ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ Tianji Wealth Group ဖြစ်သည်ဟု ဆိုသည်။
Tianji Wealth Group သည် အဆိုပါစီမံကိန်းကို ပြီးခဲ့သော ဇူလိုင်လကတည်းက ဝယ်ယူရန်ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ၁ ဒသမ ၆ ဘီလီယံဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းမှာမူ မူလက ကမ်းလှမ်းခဲ့သည်အောက် ယွမ်ငွေ ၂၁၅ သန်း နည်းပါးခဲ့သည်။
HNA သည် ပြီးခဲ့သော ဇွန်လကုန်တွင် ကြွေးမြီ ကန်ဒေါ်လာ ၉၆ ဘီလီယံရှိနေရာ အောက်တိုဘာလအစောပိုင်းတွင် အိမ်ခြံမြေ ၈၉ ခုကို အရောင်းဈေးကွက်တင်ခဲ့ပြီး စုစုပေါင်းတန်ကြေးအားဖြင့် ကန်ဒေါ်လာ ၁၁ ဘီလီယံဖိုးရှိသည်။
“အိမ်ခြံမြေဟာ HNA အတွက် အခုချိန်မှာ အဓိကစီးပွားရေးမဟုတ်တော့ဘူး။ ကုမ္ပဏီက မတတ်နိုင်တော့တဲ့ ဇိမ်ခံပစ္စည်းတစ်မျိုးဖြစ်နေပါပြီ။ များပြားလှတဲ့ အကြွေးဝန်ထုပ်နဲ့ ရင်ဆိုင်ရချိန်မှာ အစိုးရရဲ့ အကြံပေးချက်တွေနဲ့အညီ အိမ်ခြံမြေတွေကို ရောင်းထုတ်ဖို့ ပြင်ဆင်လာတာဖြစ်ပါတယ်။ ပြည်ပမှာရှိတဲ့ အိမ်ခြံမြေတွေ အားလုံးလည်း ပါဝင်ပါတယ်” ဟု တရုတ်အခြေစိုက် Kaiyuan Capital မှ မန်နေးဂျင်းဒါရိုက်တာ ဘရော့ခ် ဆေးလ်ဗားစ်က ပြောကြားသည်။
ယခုနှစ်သြဂုတ်လအတွင်းကလည်း HNA သည် ၎င်း၏ မူရင်းရုံးချုပ်ဖြစ်သော ဟိုင်ကူးရှိ ဝမ်ဟိုင် တက္ကနိုလိုဂျီပလာဇာကို ထျန်ကျင်းအခြေစိုက် developer ဖြစ်သော Sunac China ထံ ယွမ်ငွေ ၉၈၁ သန်းဖြင့် ရောင်းချခဲ့သည်။
ထိုသို့ရောင်းချလိုက်ပြီး မကြာမီတွင်ပင် ပေကျင်းရှိ ရုံးခန်းကွန်ပလက်စ်တစ်ခုကို China Vanke ထံ ယွမ်ငွေ ၁ ဒသမ ၂၉ ဘီလီယံဖြင့် ရောင်းချလိုက်ပြန်သည်။
ရှန်ကျန်း ဟိုင်ဟန်မြို့တော်သည် စတုရန်းမီတာ ၁၄၃၃၀၀ အကျယ်အဝန်းရှိသည့် ကူးသန်းရောင်းဝယ်ရေး ကွန်ပလက်စ်တစ်ခုဖြစ်ပြီး ရှန်ကျန်းမြို့ အရှေ့မြောက်ပိုင်း လောင်ဂန်အရပ်တွင် တည်ရှိကာ လူနေ၊ ရုံးခန်း၊ လက်လီနှင့် အသင့်နေလူနေခန်းများ ပါဝင်သည့် စီမံကိန်းကြီးဖြစ်ပြီး အဆင့် ၄ ဆင့်ဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ထားခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)