ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ယခုနှစ် စက်တင်ဘာတွင် တရုတ်အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးမှုသည် ၂၀၁၇ စက်တင်ဘာထက် ၈ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သော်လည်း ကြမ်းခင်းဧရိယာအားဖြင့် တရုတ်အိမ်ခြံမြေရောင်းအားကမူ ၃ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ် ကျဆင်းမှုဖြစ်ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို(NBS) ၏ အောက်တိုဘာ ၁၉ တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအား ကိုးကား၍ Reuters သတင်းဌာနက တင်ပြခဲ့သည်။
အစိုးရက အိမ်ခြံမြေစည်းမျဉ်းများအား ဖြေလျှော့မည့်အရိပ်အယောင် မရှိသေးသော်လည်း စီးပွားရေး လျင်မြန်စွာ ဆုတ်ယုတ်လာပါက အိမ်ခြံမြေဈေးကွက်ကို ထောက်ကန်ရန် နည်းလမ်းများစွာ ရှိသေးကြောင်း အင်ဂျင်နီးယားရင်းကုမ္ပဏီ A & T services ၏ မန်နေဂျင်းဒါရိုက်တာ ဗာဂျီးနီးယားဟွမ်က Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။
တရုတ်အိမ်ခြံမြေဈေးကွက်အတွင်း ရောင်းအားကျဆင်းမှုသည် မျှော်မှန်းထားသည့်ပမာဏအတွင်း ဖြစ်ကြောင်းလည်း သူက ပြောကြားခဲ့သည်။
ငွေပေါ်လွယ်ရန် ခက်ခဲခြင်းနှင့် ပါးလျနည်းပါးလာသောအမြတ်အစွန်းတို့ကြောင့် မြေလေလံတင်မှုမအောင်မြင်ခြင်းများ ပြီးခဲ့သည့်လက မြင့်တက်ခဲ့သည်။
ကြမ်းခင်းဧရိယာအားဖြင့် ဆောက်လုပ်မှုသစ်စတင်မှုများသည် ၂၀၁၇ စက်တင်ဘာထက် ယခုနှစ် စက်တင်ဘာတွင် ၂၀ ဒသမ ၃ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ကြောင်း၊ ယင်းသည် ဩဂုတ်မြင့်တက်နှုန်း ၂၆ ဒသမ ၆ ရာခိုင်နှုန်းမှ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း Reuters သတင်းဌာနက တင်ပြခဲ့သည်။
တရုတ်တွင် ဈေးကစားသူများကြောင့် လှုပ်ခတ်မြင့်တက်ခဲ့သည့် အိမ်ခြံမြေဈေးကွက်အား တည်ငြိမ်စေရေးအတွက် အိမ်ခြံမြေဝယ်ယူမှုဆိုင်ရာ စည်းမျဉ်းတင်းကျပ်မှုသစ်များကို ဇူလိုင် ၅ တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ဇူလိုင် ၆ ၌ စတင်အာဏာသက်ရောက်ခဲ့သည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com