ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မန္တလေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေနဲ့ ပက်သက်ပြီး ဖြေလျှော့မှုတွေ လုပ်ဆောင်ခဲ့ရာမှာ (၂၀၁၈)ခုနှစ် ဧပြီလမှ သြဂုတ်လအထိ (၅)လအတွင်းမှာ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု (၁၁)ခုနဲ့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု (၅)ခု ခွင့်ပြုထားတယ်လို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးဆီက သိရပါတယ်။
သူက ‘ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေမှာကြည့်ရင် မန္တလေးတိုင်းအတွင်းမှာ တရုတ်နဲ့ စင်ကာပူက အများဆုံးဖြစ်ပြီး စက်မှုကဏ္ဍက ပထမအများဆုံးပါ။ ပြည်တွင်းနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေမှာတော့ အဆောက်အအုံတည်ဆောက်ရေးက အများဆုံး ဖြစ်ပါတယ် ‘ လို့ ပြောပါတယ်။ အဲသည့် ကာလအတွင်းမှာ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅)ခုခွင့်ပြုခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ (၆၆)သန်းကျော်ရှိကာ စက်မှုကဏ္ဍမှာ အများဆုံးဖြစ်ပြီး ဒုတိယက လျှပ်စစ်ကဏ္ဍနဲ့ တတိယမှာ အခြားဝန်ဆောင်မှု ကဏ္ဍတွေဖြစ်ကြောင်း သိရပါတယ်။
‘ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုမှာ လျှပ်စစ်နဲ့ပက်သက်လို့ (၃)ခုလုပ်နေတယ်၊ အခြားဝန်ဆောင်မှုဆိုတာက ဥပမာမန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လုပ်နေတဲ့ ဝန်ဆောင်မှုလုပ်ငန်းပါ ‘ လို့ ဒေါ်နွယ်နီဦးက ပြောပါတယ်။ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁၁)ခုမှာ ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် (၃၃)ဘီလျံကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှု အများဆုံးမှာ အိမ်ရာတည်ဆောက်တဲ့ ဆောက်လုပ်ရေးကဏ္ဍဖြစ်ကာ ဒုတိယမှာ စက်မှုကဏ္ဍနဲ့ တတိယမှာ အခြားဝန်ဆောင်မှုတွေဖြစ်ကြောင်း သိရပါတယ်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကလည်း ‘ ခုဘဏ္ဍာနှစ်မှာ တိုင်းဒေသကြီးအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျီဒီပီ (၈.၁)ရာခိုင်နှုန်းအထိ တိုးတက်ဖို့ မျှော်လင့်ထားပါတယ်၊ တိုင်းအတွင်း စီးပွားရေးက စိုက်ပျိုးရေးကဏ္ဍမှာ တိုးတက်အောင်လုပ်ရမယ်၊ ပလန်တွေ ချထားတယ်၊ တိုင်းပြည်တစ်ခု စီးပွားရေးဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ဂျီဒီပီ မြင့်တက်လာမယ် ‘ လို့ ဆိုပါတယ်။
Credit: The Modern