ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
တရုတ်ပြည်၏ မြို့ကြီးပေါင်းများစွာတွင် Developer တို့က အိမ်ခြံမြေဈေးနှုန်းများ လျှော့ဈေးဖြင့် ရောင်းချနေခြင်းကြောင့် နိုင်ငံ၏ အိမ်ခြံမြေဈေးကွက် ထိုးဆင်းသွားမည်ကို ရတက်မအေးဖြစ်ကာ အိမ်ပိုင်ရှင်များစွာက ကန့်ကွက်မှုများ ပေါ်ပေါက်လာသည်။
အိမ်ခြံမြေ developer တို့သည် အရောင်းမြှင့်တင်နိုင်ရန် ရည်ရွယ်ကာ ၎င်းတို့၏ အိမ်ခြံမြေသစ်များကို ဈေးနှုန်းများ လျှော့ချ ရောင်းချပေးလျက်ရှိသောကြောင့် ရှန်ဟိုင်းနှင့် အခြားမြို့ကြီးများရှိ အိမ်ပိုင်ရှင်များက ၎င်းတို့၏ နေအိမ်များ ပြန်လည်အပ်နှံကာ ငွေပြန်တောင်းမှုများ ပေါ်ပေါက်လျက်ရှိနေသည်။
ရှန်ဟိုင်းတွင် ၂၅ ရာခိုင်နှုန်း ဈေးလျှော့ရောင်းချနေသော developer ၏ ရုံးခန်းသို့ နေအိမ်ပိုင်ရှင်များစွာ ရောက်ရှိလာခဲ့ကြကာ ၎င်းတို့ဝယ်ယူထားသည့်ငွေများ ပြန်အမ်းရန် တောင်းဆိုခဲ့ကြသည်။
ယင်းနောက်ပိုင်း အခြေအတင် တင်းမာမှုများဖြစ်ပွားကာ အရောင်းပြခန်းတည်ရှိသည့် ရုံးခန်းနေရာ ပျက်စီးမှုများ ပေါ်ပေါက်ခဲ့ကြောင်း တရုတ်ပြည်တွင်း အွန်လိုင်းသတင်းများတွင် ဖော်ပြသည်။ နောက်ပိုင်းတွင်မူ ထိုသတင်းများကို ဆင်ဆာအဖွဲ့က ဖြုတ်ချခဲ့ကြသည်။
ရှားမန်း၊ ကွေ့ယန်တို့ကဲ့သို့ မြို့ကြီးများနှင့် အခြားမြို့ငယ်များစွာတွင်လည်း အလားတူ ကန့်ကွက်မှုများ ပေါ်ပေါက်ခဲ့သည်။
အိမ်ခြံမြေကဏ္ဍသည် တရုတ်ပြည် ဂျီဒီပီ၏ ၁၅ ရာခိုင်နှုန်းခန့်ရှိနိုင်ကြောင်း ခန့်မှန်းရသည်။
အိမ်ခြံမြေကဏ္ဍနှင့် ဆက်နွှယ်နေသည့် အခြားကဏ္ဍများကိုပါ ထည့်သွင်းတွက်ချက်ပါက ၃၀ ရာခိုင်နှုန်းခန့်အထိ ရှိနိုင်သည်။
အိမ်ခြံမြေဈေးကွက်ထိုးကျသွားပါက အကြွေးပိနေသော developer တို့အတွက် ပိုမိုအထိနာစေမည်ဖြစ်သည်။
Developer တို့သည် ပြီးခဲ့သောနှစ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းအတွက် မြေနေရာများကို ငွေကြေးအလုံးအရင်းဖြင့် လေလံဆွဲထားခဲ့ကြပြီး ယခုအချိန်တွင်ကား ၎င်းတို့၏ ရင်းနှီးမြှုပ်နှံထားမှုကို ငွေပြန်ဖော်ရန် ရုန်းကန်ရလျက်ရှိနေသည်။
“တရုတ် အိမ်ခြံမြေဈေးကွက်ကျဆင်းမှုကတော့ စတင်ဖြစ်ပွားနေပြီဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ဈေးနှုန်းတွေ ထိပ်ဆုံးရောက်နေချိန်က အိမ်ခြံမြေဝယ်ယူထားတဲ့သူတွေဟာ ခုအချိန်မှာ နောင်တရနေကြပြီဖြစ်ပါတယ်” ဟု Southwestern University of Finance and Economics မှ အိမ်ခြံမြေဈေးကွက်သုတေသီ လျူလူက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)