ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ပြင်သစ် စစ်ဘုရင် နပိုလီယံဘိုနာပတ်နှင့် ဒုတိယကမ္ဘာစစ်ကြီးကို အနိုင်တိုက်ခဲ့သူ ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီတို့ အပါအဝင် ဥရောပ၏ အကျော်အမော်များ လည်ပတ်ခဲ့ကြဖူးပြီး ယခင်က ယူရို သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသော စံအိမ်ကြီးကို ယခုအခါ ယူရိုသန်း ၂၀ ဖြင့် လေလံတင်ရောင်းချတော့မည် ဖြစ်သည်။
အီတလီတွင် ကိုမိုရေကန်ကြီးနှင့် အနီးရှိ မိုလ်ထရာစီယိုကျေးရွာ၊ ဗီလာ ပါဆာလက်ကွာ စံအိမ်ကြီးတို့သည် အီတလီ၏ အထင်ရှားဆုံး သမိုင်းနေရာများတွင် ပါဝင်သည်။
၁၈ ရာစုနှစ်က ဆောက်လုပ်ခဲ့ပြီး အိပ်ခန်းပေါင်း ၂၀ ခန့်အထိ ပါဝင်သည့် ဗီလာ ပါဆာလက်ကွာ စံအိမ်ကြီးကို ယခင်က ယူရိုသန်း ၁၀၀ ( ကန်ဒေါ်လာ ၁၁၄ ဒသမ ၇၅ သန်း) ဖြင့် အရောင်းဈေးကွက်တင်ခဲ့ဖူးသည်။
လာမည့် အောက်တိုဘာလ ၃၀ ရက်တွင် Concierge Auctions လေလံအဖွဲ့မှတစ်ဆင့် ကြမ်းခင်းဈေး ယူရိုသန်း ၂၀ ဖြင့် လေလံတင်ရောင်းချတော့မည် ဖြစ်သည်။
“ဒီလေလံဟာ တစ်သက်မှာ တစ်ခါပဲရနိုင်မယ့် အခွင့်အလမ်းမျိုးပါ။ သမိုင်းရဲ့အစိတ်အပိုင်းတစ်ခုကို ဝယ်ယူနိုင်မယ့် အခွင့်အလမ်းဖြစ်ပါတယ်” ဟု Concierge Auctions ၏ ဥရောပဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ချာလီ စမစ်က ပြောကြားသည်။
“အီတလီမှာ လူကြိုက်အများဆုံး ကိုမိုရေကန်ကြီးဝန်းကျင်မှာရှိတဲ့ အထင်ရှားဆုံးနေအိမ်တွေထဲမှာ ပါဝင်ပါတယ်”
ဗီလာ ပါဆာလက်ကွာ စံအိမ်ကြီးသည် မြေအကျယ်အဝန်း ၄ ဧကခွဲပေါ်တွင် တည်ရှိပြီး ခြံဝန်းအတွင်း နေအိမ်အဆောက်အအုံ ၂ လုံး ပါဝင်ကာ အိပ်ခန်းပေါင်း ၂၀ နှင့် ရေချိုးခန်း ၁၃ ခန်း ပါဝင်ကြောင်း လေလံကြော်ငြာတွင် ဖော်ပြသည်။
စံအိမ်ကြီးသည် အီတလီ၏ အမျိုးသားအထိမ်းအမှတ်တစ်ခုလည်း ဖြစ်ကြောင်း ဖော်ပြထားပြီး မြို့စားကြီး အင်ဒရေ လူစီနီ- ပါဆာလက်ကွာက ၁၇ ရာစုနှောင်းပိုင်းတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
မြို့စားကြီး ပါဆာလက်ကွာက ဆွစ်ဇာလန်ဗိသုကာပညာရှင် ဖီလစ် ဆို့ဗ်နှင့် ဒီဇိုင်နာ ဂျီယိုကွန်ဒို အဲလ်ဘတ်တိုလီတို့ကို ငှားရမ်းဆောက်လုပ်ခဲ့သည်။
ပင်မနေအိမ်တွင် အိပ်ခန်း ၉ ခန်းနှင့် ဧည့်ခန်းနေရာများစွာ ပါဝင်ပြီး အကျယ်အဝန်းမှာ ၂၆၅၀၁ စတုရန်းပေ ရှိသည်။
ဖျော်ဖြေရေးအတွက် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နပိုလီယံ၏ အနုပညာအဖွဲ့အကြီးအကဲဖြစ်သော နီယိုးကလပ်စစ်ကယ် အနုပညာရှင် အင်ဒရေ အက်ပီယာနီ၏ လက်ရာများကို နေအိမ်အတွင်း အနှံ့အပြားတွေ့မြင်ရမည်ဖြစ်ကြောင်းလည်း လေလံကြော်ငြာတွင် ဖော်ပြထားသည်။
အခြားစံအိမ်တစ်လုံးမှာ စတုရန်းပေ ၄၀၀၀ ကျယ်ဝန်းပြီး အိပ်ခန်း ၆ ခန်းပါဝင်ကာ ရှေးဟောင်းပရိဘောဂများဖြင့် ပြည့်နှက်လျက်ရှိနေရာ ဗဲနီရှင်း မီးပန်းဆိုင်းကြီးများနှင့် မျက်နှာကြက်ခုံးများ ပါဝင်သည်။
ရှေးဟောင်းသမိုင်းဝင်လက်ရာများနှင့် ခေတ်မီမွမ်းမံမှုတို့ ရောယှက်မှုကို နှစ်သက်သူများက ယခုစံအိမ်ကြီးကို သဘောကျလိမ့်မည်ဖြစ်ပြီး မီးဖိုဆောင်များနှင့် ရေချိုးခန်းများကို ခေတ်မီအသုံးအဆောင်များ ထည့်သွင်းပေးထားသည်ဟု ဆိုသည်။
လေလံဆွဲရန် စိတ်ဝင်စားသူများသည် Concierge Auctions လေလံအဖွဲ့သို့ ကြိုတင်စာရင်းပေးသွင်းရမည်ဖြစ်ပြီး အောက်တိုဘာလ ၃၀ ရက်၊ နံနက် ၁၀ နာရီတွင် လေလံပွဲစတင်ကျင်းပမည် ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)