ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြေပြင်ကွင်းဆင်းညှိနှိုင်းဆောင်ရွက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။
ရန်ကုန်ဘူတာကြီးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအတွက် မြေပြင်ကွင်းဆင်းခြင်းလုပ်ငန်း ညှိနှိုင်းမှုလုပ်ငန်းများအား မြန်မာ့မီးရထားမှ အထွေထွေမန်နေဂျာ၊အောက်မြန်မာပြည် အုပ်ချုပ်ရေးနှင့် မြန်မာ့မီးရထားမှတာဝန်ရှိသူများ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(မြေတိုင်းဌာနမှ) တာဝန်ရှိသူများ ပူးပေါင်းပါဝင်မည့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။
စီမံကိန်းတည်ဆောက်မှု ရှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်သည့် ရန်ကုန်ဘူတာကြီးဘက်စုံဖွံ့ဖြိုးစီမံကိန်းတွင် ကန်ဒေါ်လာ ၂ ဒသမ ၅ဘီလျံရင်းနှီးမြှုပ်နှံကာပြည်တွင်းအလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင့် အဆိုပါစီမံကိန်းအား ဦးစားပေးညှိနှိုင်းမှုပြုလုပ်ရန် ရွေးချယ်ခံရသည့် Central Transport Development Consortium(CTDC)၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။
ကုမ္ပဏီသုံးခုပေါင်းစပ်ဖွဲ့စည်းထားသည့် ယင်း Consortiumတွင်မြန်မာနိုင်ငံ မင်းဓမ္မကုမ္ပဏီမှ အစုရှယ်ယာရာခိုင်နှုန်း ၄ဝ ပိုင်ဆိုင်ပြီး စင်ကာပူအခြေစိုက် Oxley Holdings ကုမ္ပဏီနှင့် တရုတ်အခြေစိုက် Sino Great Wall ကုမ္ပဏီတို့ ရာခိုင်နှုန်း ၃ဝ စီပိုင်ဆိုင်ထားကြောင်း သိရသည်။
မင်းဓမ္မကုမ္ပဏီသည် မုတ္တမဟိုးလ်ဒင်း၏ လက်အောက်ခံကုမ္ပဏီ ၂၃ ခုအနက် တစ်ခုဖြစ်သည်။ရန်ကုန်ဘူတာကြီးဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ လက်ရှိအစိုးရလက်ထက်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပါဝင်သည့် အကြီးဆုံးသော အကျိုးတူပူးပေါင်းဆောင်ရွက်မှုစီမံကိန်းတစ်ခုဖြစ်ကြောင်း သိရသည်။
ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းမှာ မီးရထားနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းအခြားသောအများပြည်သူအသုံးပြုနိုင်မည့် ဆက်သွယ်ရေးနည်းလမ်း ပေါင်းစုံစုဝေးရာပို့ဆောင်ဆက်သွယ်ရေးအချက်အချာနေရာတစ်ခုဖြစ်လာမည်ဖြစ်သည်။တည်ဆောက်ရေးဒီဇိုင်းအားဖြင့် ရှေးမူလက်ရာရန်ကုန်ဘူတာကြီးဟောင်းနှင့် ခေတ်သစ်ဘူတာရုံအသစ်ကို ပေါင်းစပ်ဖွဲ့စည်းကာတည်ဆောက်သွားမည်ဟု သိရသည်။
၁၉၅၄ က တည်ဆောက်ခဲ့သော လက်ရှိရန်ကုန်ဘူတာကြီးအဆောက်အအုံကို လည်း ရှေးမူမပျက်ထိန်းသိမ်းသွားမည်ဖြစ်ကာ ၂၁ရာစု၏ နောက်ဆုံးပေါ် လက်ရာတစ်ခုဖြစ်လာမည့် ဘဲဥပုံသဏ္ဍာန်အမိုးခုံးနှင့် မီးရထားဘူတာရုံအသစ်တို့ကိုလည်း မီးရထားလမ်းပေါ်တွင် အုပ်မိုး၍ ထပ်မံဆောက်လုပ်မည်ဖြစ်ရာ အဟောင်းနှင့် အသစ်ချိတ်ဆက်အသုံးပြုနိုင်မည်ဖြစ်ကြောင်းသိရသည်။
အဆိုပါစီမံကိန်းသည် ကြမ်းခင်းဧရိယာစတုရန်းမီတာ ၁.၉ သန်းကျယ်ဝန်းပြီး ဇုန်ခြောက်ခုပါဝင်မည်ဖြစ်ကာ ယင်းဇုန်များတွင် အထင်ကရ Twin Tower,ရုံးခန်းအဆောက်အအုံ များ၊အိမ်ရာများ၊ဟိုတယ်များနှင့် အများပြည်သူအပန်းဖြေနိုင်မည့် ပန်းခြံနှင့် ပြတိုက်တို့ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Credit: Daily Eleven