ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အခြေခံ အဆောက်အအုံတည်ဆောက်ရေးဆိုင်ရာ စီမံကိန်းများ၌ ပုဂ္ဂလိက ကဏ္ဍမှ ပါဝင်နိုင်စေရန်နှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည့် နည်းလမ်းများကို အကောင်အထည်ဖော်ရန်အတွက် အစိုးရအကြီးတန်း ကိုယ်စားလှယ်များနှင့် Oxford Business Group(OBG) တို့ ပူးပေါင်း၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆွေးနွေးရာတွင် လမ်းတံတားသစ်များ ဖောက်လုပ်ရေး၊ ရေကြောင်းဆက်သွယ်ရေး လမ်းကြောင်းများ ဆောက်လုပ်ရေး၊ နိုင်ငံ၏ မီးရထားလမ်းကြောင်းကွန်ရက် ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ရေး အစရှိသည့်အချက်များ အပါအဝင် မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများနှင့် ပက်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုများထဲတွင် ယခုလက်ရှိ ရေးဆွဲနေသော Construction Indrustry Development Law(CIDL) နှင့် စီမံကိန်းများအတွက် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ကာ ရှေ့ဆက်ဆောင်ရွက်သွားမည်ဟု မျှောမှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီး ဦးဟန်ဇော်က ပြောသည်။
OBG အနေဖြင့်လည်း ခက်ခဲသော ပြည်တွင်းစီးပွားရေး အခြေအနေကြောင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထိခိုက်မှုရှိလာသည့်အတွက် ရင်နှီးမြှုပ်နှံမှု ပြန်လည်ကောင်းမွန်လာရန် ဆောင်ရွက်မှုများမှာ ထိရောက်မှု ရှိမရှိဟူသည့် အချက်နှင့်ပက်သက်၍ အဓိကထား လေ့လာသွားမည်ဖြစ်ကြောင်း OBG ၏ အာရှဒေသဆိုင်ရာ အယ်ဒီတာဖြစ်သူ Patrick Cooke က ပြောသည်။
Credit: Shwesathtagan