ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
စင်္ကာပူသည် နိုင်ငံခြားသားများအတွက် နေထိုင်ရန်နှင့် အလုပ်လုပ်ကိုင်ရန် အကောင်းဆုံးနေရာကို လေးနှစ် ဆက်တိုက်အဖြစ် ယခုနှစ်တွင်လည်း ရရှိခဲ့ပြန်ပြီဖြစ်ကြောင်း HSBC ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဝန်ဆောင်မှု အဖွဲ့အစည်း၏ လေ့လာမှုစစ်တမ်းကို ကိုးကား၍ Channel News Asia သတင်းဝက်ဘ်ဆိုက်ဒ်က ဖော်ပြခဲ့သည်။
၎င်းစာရင်း၏ ထိပ်တန်းငါးနေရာတွင် နယူးဇီလန်က ဒုတိယ၊ ဂျာမနီက တတိယ၊ ကနေဒါက စတုတ္ထနှင့် ဘာရိန်း က ပဉ္စမနေရာတို့၌ အသီးသီးရပ်တည်ခဲ့ကြသည်။
ဟောင်ကောင်တွင် နိုင်ငံခြားသားတစ်ဦးလျှင် တစ်နှစ်တာပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၁၈၀,၀၀၀ ရှိစဉ် စင်္ကာပူတွင် နိုင်ငံခြားသားတစ်ဦးလျှင် တစ်နှစ်တာပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆၀,၀၀၀ ရှိသော်လည်း မိသားစုအကျိုးကျေးဇူးနှင့် ဘဝအဆင့်အတန်းအရည်အသွေးတို့နှင့် ပတ်သက်လျှင် စင်္ကာပူက ဟောင်ကောင် ထက် ပိုမိုသာလွန်ကောင်းမွန်ကြောင်း သိရသည်။
စင်္ကာပူရှိ နိုင်ငံခြားသား လေးပုံသုံးပုံနီးပါးက သူတို့၏ ကလေးများ၏ ဘဝအဆင့်အတန်းအရည်အသွေးသည် ထိုနိုင်ငံတွင် ပိုမိုကောင်းမွန်သည်ဟု ခံစားနေကြရသည်။
“နိုင်ငံခြားသားအမျာအပြားက သူတို့မိခင်နိုင်ငံမှာထက် စင်္ကာပူမှာ ကလေးသူငယ်ပြုစုစောင့်ရှောက်မှုအရည် အသွေးနှင့် ပညာရေးအဆင့်အတန်း ပိုမိုကောင်းမွန်သည်ဟု ထင်မြင်ကြသည်။ ၆၀ ရာခိုင်နှုန်းက သူတို့ ကလေးများ၏ ကျန်းမာသုခအဖြာဖြာ တိုးတက်ကောင်းမွန်လာကြောင်း ဖြေကြားခဲ့ကြသည်။” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။
နိုင်ငံခြားသား ငါးဦးတွင် လေးဦးက စင်္ကာပူ၏ စီးပွားရေးနှင့် နိုင်ငံရေး တည်ငြိမ်မှုတို့ကို ယုံကြည်ကြကာ ၇၈ ရာခိုင်နှုန်းက နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် စီစဉ်သူတိုင်းအတွက် စင်္ကာပူနိုင်ငံအား အကြံပြု ထောက်ခံကြောင်း ပြောကြားခဲ့ကြသည်။
၎င်းစစ်တမ်းတွင် နိုင်ငံခြားသား ၂၂၃၁၈ ဦး ပါဝင်ဖြေကြားခဲ့ခြင်းဖြစ်သည်။ စင်္ကာပူတွင် နေထိုင်၍ အလုပ်လုပ် ကိုင်ရသည်မှာ စိတ်ဖီးစီးမှု များနိုင်သည်ဟု ဖြေကြားသူအားလုံး တစ်ညီတစ်ညွတ်တည်း ဖြေဆိုခဲ့ကြပြီး ၄၆ ရာခိုင်နှုန်းက သူတို့မိခင်နိုင်ငံတွင် ကြုံတွေ့ရသည့် လုပ်ငန်းခွင်စိတ်ဖိစီးမှုထက် စင်္ကာပူတွင် အလုပ်လုပ်ကိုင်ရ သည့် စိတ်ဖိစီးမှုက ပိုမိုမြင့်မားသည်ဟု ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com