ဘားအံမြို့၏ အများပြည်သူနားနေရာနှင့် အထင်ကရနေရာတစ်ခုဖြစ်သော ကန်သာယာပန်းခြံကို အများပြည်သူနှင့်သက်ဆိုင်သော ဧရိယာအဖြစ်သတ်မှတ်ပြီး အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် လုပ်ရပ်များကို အရေးယူမည်ဖြစ်ကြောင်း ဘားအံမြို့နယ်အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
ယင်းသတ်မှတ်ဧရိယာအတွင်း တစ်ဦးချင်းသော်လည်းကောင်း၊ အုပ်စုဖွဲ့၍သော်လည်းကောင်း အရက်သေစာသောက်စားခြင်း၊ အန္တရာယ်ဖြစ်စေနိုင်လောက်သော ယာဉ်များအုပ်စုဖွဲ့ စုပေါင်းပိတ်ဆို့ မောင်းနှင်သွားလာခြင်း၊ အုပ်စုဖွဲ့နားနေခြင်း စသည်တို့ကို လုံးဝမပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်လိုက်ကြောင်း ယင်းဌာနထံမှ သိရသည်။
“အဲဒီနေရာက အထင်ကရဖြစ်သလို အပန်းဖြေစရာနေရာလည်းဖြစ်တယ်၊ ခုလို သတ်မှတ်လိုက်တာကို ကြိုဆိုတယ်၊ နောက်ပြီး မြို့ရဲ့ အမှတ်အသားဖြစ်တဲ့ ဒီနေရာ ပတ်ဝန်းကျင်တစ်ဝိုက်ကိုလည်း စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်တာမျိုးကို တင်းတင်းကျပ်ကျပ်လုပ်စေချင်တယ်”ဟု ဘားအံမြို့ အမှတ် (၁) ရပ်ကွက်နေ အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦးက မှတ်ချက်ပြုသည်။
အဆိုပါ ကန်သာယာကန်သည် ဘားအံမြို့ အမှတ် (၄) ရပ်ကွက်တွင် တည်ရှိပြီး အရှေ့ဘက် ရန်မျိုးအောင်လမ်းထောင့်မှ ကျော်ဇေယျလမ်းအတိုင်း၊ အနောက်ဘက် ရန်မျိုးအောင်လမ်းထောင့်မှ သီရိလမ်းမကြီးအတိုင်း ဒေါနလမ်းထောင့်အထိ၊ တောင်ဘက် ဇွဲကပင်လမ်းထောင့်မှ ရန်မျိုး အောင်လမ်းအတိုင်း ကျော်ဇေယျလမ်းထောင့်အထိ၊ မြောက်ဘက်ဒေါနလမ်း ထောင့်မှတစ်ဆင့် ကန်သာယာတံတား ဘောင်ဖြစ်သော ကျော်ဇေယျလမ်းထောင့်အထိကို အများနှင့်သက်ဆိုင်သော ဧရိယာအဖြစ် သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်း ဘားအံမြို့နယ်အုပ်ချုပ်ရေးရုံးထံမှ သိရသည်။
Credit: The Voice