ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးကြပ်ပြီး အများပြည်သူသို့ရောင်းချသည့် တိုက်ခန်းများတွင် ပထမအသုတ်ဝယ်ယူခွင့်ရရှိသူ ၇ဝဝကျော်တွင် ၁ဝဝကျော်မှာ သတ်မှတ်ကာလအတွင်း လာရောက်ငွေမသွင်းသဖြင့် မူလတန်းစီဇယားအတိုင်း အချိုးကျ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောက်တိုဘာ ၁၂ရက် ညနေ ၄ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်၍ အများပြည်သူသို့ရောင်းချ မည့်တိုက်ခန်းများကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး အထက်ပါအတိုင်း ဆောင်ရွက်ရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း အဆိုပါအစည်းအဝေးသို့ တက်ရောက်ခဲ့သည့် တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးညီညီက ပြောသည်။
''မဲပေါက်ပြီးတော့ လာရောက် မဆက်သွယ်ဘူး၊ ငွေမသွင်းတဲ့သူ ၁ဝဝကျော်ရှိတယ်။ တန်ဖိုးနည်း၊ တန်ဖိုးသင့်နှစ်မျိုးပေါင်း။ သူတို့ကငွေ လာမသွင်းတာ။ နောက်မှာတန်းစီဇယားနဲ့လုပ်ထားတာရှိတယ်။ ဆက်ပြီးတော့ မဲပေါက်တဲ့နောက်ကနေ တန်းစီဇယားအတိုင်း မဲမပေါက်ခဲ့ တဲ့သူတွေကို အချိုးကျပေးသွားမှာ ဖြစ်ပါတယ်''ဟု တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးညီညီက ပြောသည်။ မဲပေါက်ထားသူများကိုလည်း နေထိုင်နိုင်ရန်အတွက် စာရင်းချုပ် လုပ်နေရာ ပြီးသလောက်ရှိနေပြီဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အိမ်ရာစီမံကိန်းများကြီးကြပ်မှု ကော်မတီက ရောင်းချပေးခဲ့သည့် တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို ဝယ်ယူခွင့်လျှောက်ထားသူ ၆ဝဝဝကျော်မှ ပထမအသုတ်ဝယ် ယူခွင့်ရရှိခဲ့သူ စုစုပေါင်း ၇၂၂ဦးရှိ ခဲ့ရာ ယင်းတို့အထဲမှ လူ၁ဝဝကျော် မှာ လာရောက်ငွေသွင်းခဲ့ခြင်းမရှိ ကြောင်း သိရသည်။ ရောင်းချပေးခဲ့သည့် တိုက်ခန်းအိမ်ရာများမှာ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း နှင့် သင်္ဃန်းကျွန်းမြို့နယ်များရှိ အိမ်ရာစီမံကိန်းများ ဖြစ်ကြသည်။
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးညီညီက ''အစည်းအဝေးအနေနဲ့ ရှေ့လုပ်မယ့်ပြည်သူ တွေအတွက် အိမ်ရာရရှိနိုင်မယ့်အခွင့်အရေးပါတာပေါ့။ အဓိကတော့ အများပြည်သူ၊ ကုမ္ပဏီဝန်ထမ်း၊ အငြိမ်းစားတွေပေါ့။ အဲဒီအပြင် ဝန်ကြီးချုပ်ရဲ့အစီအစဉ်ထဲမှာ နောက်ပိုင်းမှာဇုန်လုပ်ငန်းရှင်တွေ အခြားသောလုပ်ငန်းရှင်တွေ။ သူတို့ရဲ့အလုပ်သမားတွေကိုထားဖို့အတွက် လိုအပ်လာမယ်ဆိုရင် အလုပ်ရှင်နဲ့အလုပ်သမားလည်းပဲ အဆင်ပြေနိုင်ဖို့၊ နောက်ပိုင်းမှာ တန်ဖိုးနည်းအိမ်ရာမျိုးတွေ ဝယ်ယူနိုင်ရေးအတွက်ကို ဆောင်ရွက်သွားမယ့် အစီအစဉ်ကိုလည်းသိခဲ့ရတယ်''ဟု ပြောသည်။
''အားလုံးရဲ့ ဘုံသဘောတူညီချက်ကတော့ ပြည်သူတွေအတွက်လိုအပ်နေတဲ့ ပြည်သူ့အိမ်ရာတွေ နောက်ထပ်ဖော်ထုတ်နိုင်ဖို့ ဦးတည်ပါတယ်''ဟု ၎င်းက ဆက်လက် ပြောသည်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက် သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
Credit: Democracy Today