ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြို့အစိုးရများနှင့် အိုင်စီတီအဖွဲ့အစည်းများ ပေါင်းစပ်ပါဝင်သော ဆိုးလ်ကျောထောက်နောက်ခံပြု အဖွဲ့အစည်း တစ်ခုက ၎င်းတို့၏ ကွန်ရက်အတွင်း မြောက်ကိုရီးယားကို ထည့်သွင်းရန် အစီအစဉ်များအား ထုတ်ဖော်ပြသ လိုက်ပြီဖြစ်ကြောင်း GovInsider ၀က်ဘ်ဆိုက်ဒ်က အစီရင်ခံခဲ့သည်။
ကမ္ဘာ့စဉ်ဆက်မပြတ်စမတ်ကျသောမြို့ပြများအဖွဲ့အစည်း (WeGO) သည် တစ်သီးတစ်သန့်ဆန်သော မြောက်ကိုရီးယားနိုင်ငံတွင် စမတ်စီးတီးများ တည်ဆောက်မည်ဖြစ်ကြောင်း WeGo ၏ အတွင်းရေးမှူးချုပ် လီဂျောင်ယွီက ပြောကြားခဲ့သည်။
“မြောက်ကိုရီးယားမြို့ပြတွေနဲ့ ကျွန်တော်တို့ အလုပ်တွဲလုပ်ချင်ပါတယ်” ဟု လီက GovInsider သို့ ပြောကြားခဲ့သည်။ “မြောက်ကိုရီးယားမြို့ပြတွေက ကောင်းကောင်းမဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အဲ့ဒီမြို့တွေ စမတ်စီးတီးတွေ ဖြစ်လာအောင် ကူညီပေးချင်ပါတယ်” ဟုလည်း သူက ပြောကြားခဲ့သည်။
၂၀၁၉ ခုနှစ် စက်တင်ဘာမကုန်မီ စတင်နိုင်ဖွယ်ရှိသည့် စမတ်စီးတီးကွန်ရက်ဖွင့်ပွဲတွင် ဆိုးလ်၊ ပေကျင်း၊ မော်စကို၊ စင်္ကာပူ၊ တိုကျိုနှင့် ဝါရှင်တန်ဒီစီတို့နှင့်အတူ ပြုံယမ်း ပါဝင်လာမည်ဖြစ်သည်။
အရှေ့မြောက်အာရှစမတ်စီးတီးကွန်ရက် ဟုခေါ်သော ၎င်းကွန်ရက်အတွက် အခြေခံအုတ်မြစ်ချရန် ထိုမြို့များ၏ မြို့တော်ဝန်များအတွက် ဖိုရမ်တစ်ခု စီစဉ်ပံ့ပိုးပေးမည်ဖြစ်သည်။
မြောက်ကိုရီးယားအစိုးရနှင့် တောင်ကိုရီးယားအစိုးရအကြား ယခုနှစ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများက ယင်းကွန်ရက်အစီအစဉ်တွင် မြောက်ကိုရီးယားမြို့များ ပါဝင်နိုင်ရေးအတွက် အထောက်အကူတစ်ခုဖြစ်ခဲ့သည်။ WeGo က စမတ်စီးတီးများအတွက် ကုလသမဂ္ဂဖြစ်လာရန် ရည်ရွယ်ကြောင်း လီက ပြောကြားခဲ့သည်။
WeGo က ၎င်းအစီအစဉ်အတွက် မြောက်ကိုရီးယားတာဝန်ရှိသူများနှင့် အရပ်သားများအား လေ့ကျင့်သင်ကြား ရေးအစီအစဉ်များ ပံ့ပိုးပေးရန်လည်း ရည်ရွယ်ထားကြောင်း သိရသည်။
ခင်အေးချမ်း ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။ Credit: iMyanmarHouse.com