ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
ဟောင်ကောင်မှာ ၂၀၁၆ ထက် ၂၀၁၇ ခုနှစ်မှာ ဘီလျံနာ ၂၀ ကျော် ပိုများလာ
ဟောင်ကောင်မှာ နေသူ တစ်ယောက် ဆိုရင် လီကာရှင်း Li Ka-shing ကို မကြားဖူးသူ မရှိလောက်ပါဘူး။ သူ့စီးပွားရေး ဝန်ဆောင်မှုတွေကို အသုံးမပြုဖူးသူက အတော်ရှားပါလိမ့်မယ်။
သူက အသက် ၉၀ အရွယ် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်ဖြစ်ပြီး ကမ္ဘာ့ အချမ်းသာဆုံး စာရင်းမှာ နံပါတ် ၂၃ နေရာမှာ ရှိပြီး အာရှ အချမ်းသာဆုံးစာရင်းမှာလည်း ထိပ်ပိုင်းမှာ ပါပါတယ်။
သူ့ရဲ့ ပိုင်ဆိုင်မှုက အမေရိကန်အဒေါ်လာ ၃၇.၇ ဘီလျံ ရှိမယ်လို့ ခန့်မှန်းရပါတယ်။
သူ့ရဲ့ စီးပွားရေး ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းတွေက သယ်ယူပို့ဆောင်ရေး လုပ်ငန်းကနေ ဘဏ္ဍာရေး လုပ်ငန်းတွေနဲ့ ရေ မီး လျှပ်စစ် ဝန်ဆောင်မှု လုပ်ငန်းတွေအထိ အများကြီးပါ။
လီကာရှင်းရဲ့ ကြွယ်ဝ ချမ်းသာမှုကို ဟောင်ကောင်မှာ အမြင် အမျိုးမျိုး ရှိနေ
ဘီလျံနာ သူဌေးကြီး Li Ka-Shing က ဟောင်ကောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ ရှိတဲ့ လူချမ်းသာတွေ အများကြီးထဲက တစ်ယောက်ပါ။
အခုဆို ဟောင်ကောင်မှာရှိတဲ့ လူချမ်းသာ အရေအတွက်ဟာ နယူးယောက်မြို့က လွဲရင် ကျန်တဲ့ ကမ္ဘာ့မြို့ အသီးသီးထက် ပိုများတယ်လို့ World Ultra Wealth အဖွဲ့က အခုနောက်ဆုံး ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြ ပါတယ်။
လက်ရှိ ဟောင်ကောင်မှာ ဘီလျံနာ သူဌေး ၉၃ ယောက် ရှိပါတယ်။ ဒါက ၂၀၁၆ ခုနှစ်ကထက် ၂၁ ယောက် ပိုများလာတာဖြစ်ပါတယ်။
လူချမ်းသာတွေ အများကြီး ရှိတဲ့ ကမ္ဘာပေါ်က မြို့ ၁၀ မြို့ဟာ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ရှိပါတယ်။
ဘီလျံနာတွေ အများဆုံး ရှိတဲ့ မြို့တွေ ( Wealth-X စာရင်း)
မြို့ကြီးများ ၂၀၁၇ ခုနှစ် ဘီလျံနာ ဦးရေ ၂၀၁၆ နောက်ပိုင်း အပြောင်းအလဲ စာရင်း
၁. နယူးယောက် ၁၀၃ +၁ ၂. ဟောင်ကောင် ၉၃ +၂၁ ၃. ဆန်ဖရန်စ္စကို ၇၄ +၁၄ ၄. မော်စကို ၆၉ -၂ ၅. လန်ဒန် ၆၂ ၀ ၆. ဘေဂျင်း ၅၇ +၁၉ ၇. စင်ကာပူ ၄၄ +၇ ၈. ဒူဘိုင်း ၄၀ +၃ ၉. မွန်ဘိုင်း ၃၉ +၁၀
ဘီလျံနာတွေက လူမှုအသိုင်းအဝိုင်းကို အကျိုးပြုသလား
ဘီလျံနာတွေ များလာမှုရဲ့ လူမှုရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေရဲ့ သဘောထားတွေကိုလည်း ကွဲပြားသွားစေပါတယ်။
အုပ်စု တစ်စုကတော့ ဝင်ငွေကွာဟမှု ပိုကြီး လာတာကြောင့် စာရိတ္တပိုင်းနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို မီးမောင်းထိုး ပြောပါတယ်။
သူတို့ကတော့ Oxfam ပရဟိတ အဖွဲ့က ထုတ်ပြန်တဲ့ ဆင်းရဲ မွဲတေမှု နှစ်ပတ်လည် အစီရင်ခံစာကို ကိုးကားထောက်ပြပြီး အလွန်အမင်း ချမ်းသာသူတွေကို အခွန်တွေ ပိုကောက်ဖို့နဲ့ စည်းကမ်း ကန့်သတ်ချက်တွေ ချမှတ်ဖို့ ပြောပါတယ်။
တခြား အဖွဲ့တွေ ကတော့ ဘီလျံနာတွေဟာ အားလုံး မဟုတ်ရင်တောင် တချို့ကတော့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲ ဖော်ဆောင်နိုင်ကြသူတွေအဖြစ် မြင်ကြပါတယ်။
လူဦးရေ တဝက်လောက်က တဲနဲ့နေရတဲ့ မွမ်ဘိုင်းမှာ အိန္ဒိယရဲ့ အချမ်းသာဆုံး သူဋ္ဌေးကြီး Mukesh Ambani က ဒေါ်လာ သန်း တစ်ထောင်တန် ဒီအိမ်ကြီးမှာနေထိုင်
ကမ္ဘာ့ဘဏ် စီးပွားရေး ပညာရှင် Caroline Freund ရေးသားတဲ့ Rich People, Poor Countries: The Rise of Emerging-Market Tycoons and Their Mega Firms စာအုပ်မှာ ဘီလျံနာတိုင်းက မကောင်းတဲ့ နည်းလမ်းနဲ့ ချမ်းသာလာတာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဘီလျံနာတွေကနေ လူမှု အသိုင်းအဝိုင်းအပေါ် အကျိုးသက်ရောက်မှုတွေက သူတို့ ဘယ်လိုကြွယ်ဝလာသလဲ ဆိုတဲ့အပေါ် အများကြီး မူတည်တယ်လို့ ဆိုပါတယ်။
ကုမ္ပဏီတွေ တည်ထောင်ပြီး ကိုယ်ပိုင်အစွမ်းအစနဲ့ ဘီလျံနာဖြစ်လာကြသူ အများအပြားက သယံဇာတအရင်းအမြစ်တွေ ထုတ်ယူပြီး ချမ်းသာလာတာ မဟုတ်သလို နိုင်ငံပိုင် ပစ္စည်းတွေကို ပြည်သူပိုင်လုပ်ပြီး ကြွယ်ဝလာကြသူတွေလည်း မဟုတ်ဘူးလို့ Caroline Freund က ပြောပါတယ်။ သူတို့တွေက လူမှုအသိုင်းအဝိုင်းကို အကျိုးပြုဖို့ ပိုများတယ်လို့ သူက ဆိုပါတယ်။
ချမ်းသာသူတွေ များလာတာက မညီမျှမှုကို ပိုဆိုးစေတယ်လို့ တချို့ ထောက်ပြ
အမေရိကန်အခြေစိုက် Forbes စီးပွားရေး မဂ္ဂဇင်းမှာ ကမ္ဘာ့ ၇၂ နိုင်ငံမှာ ဘီလျံနာတွေ ရှိနေကြတယ်လို့ ဖော်ပြပါတယ်။
တရုတ်၊ အိန္ဒိယ၊ ဟောင်ကောင်တို့မှာဆိုရင် ရှိပြီးသားစာရင်းထက် ဆယ်ဂဏန်းကျော် အရေအတွက် ပိုတိုးလာပါတယ်။
အာရှဒေသမှာ ဘီလျံနာ ၇၈၄ ယောက် အထိရှိလာတဲ့ အတွက် မြောက်အမေရိကမှာ ရှိတဲ့ ဘီလျံနာ ၇၂၇ ယောက်ထက် ပိုများ သွားပါတယ်။ ဒါဟာ သမိုင်းမှာ ပထမဆုံး အာရှက ကျော်တက်သွားတာဖြစ်ပါတယ်။
တရုတ် ပြည်မကြီးမှာ ၂၀၁၆ ခုနှစ်က ကိန်းဂဏန်းတွေအရ ဆိုရင် နိုင်ငံလူဦးရေရဲ့ အချမ်းသာဆုံး ၁ ရာခိုင်နှုန်းက တိုင်းပြည် ကြွယ်ဝချမ်းသာမှုရဲ့ သုံးပုံတစ်ပုံကို ပိုင်ဆိုင်ပါတယ်။
နိုင်ငံရဲ့ အဆင်းရဲဆုံးလူ ၂၅ ရာခိုင်နှုန်းရဲ့ ပိုင်ဆိုင်မှုတွေက တိုင်းပြည်ကြွယ်ဝမှုရဲ့ ၁ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဘေဂျင်း တက္ကသိုလ် တစ်ခုရဲ့ စစ်တမ်းက ဆိုပါတယ်။
လူသား ဖွံ့ဖြိုးမှုဆိုင်ရာ ညွှန်းကိန်း HDI မှာ အောက်ဆုံးက အဆင့် ၂၀ မှာ ရှိနေတဲ့ နိုင်ငံတွေထဲက ၁၉ နိုင်ငံမှာ ဘီလျံနာ ၄၄ ယောက် ရှိနေပြီး သူတို့ ပိုင်ဆိုင်မှု တွေကို ပေါင်းရင် ဒေါ်လာ ၉၃ ဘီလျံ ရှိပါတယ်။
တကယ်လို့သာ အဲဒီ အာဖရိက လူချမ်းသာတွေအားလုံးကို ပေါင်းပြီး နိုင်ငံတစ်ခု ထူထောင်မယ် ဆိုရင် အဲဒီ နိုင်ငံဟာ အာဖရိက တိုက်က ၅၄ နိုင်ငံကြားမှာ အဋ္ဌမမြောက် GDP (နိုင်ငံရဲ့ စုစုပေါင်းကုန်ထုတ်လုပ်မှု ပမာဏ) အများဆုံး နိုင်ငံ ဖြစ်သွားပါလိမ့်မယ်။ သူတို့ တစ်ဦးချင်းစီရဲ့ ပျမ်းမျှ ဝင်ငွေဆိုရင်တော့ ၂.၁၁ ဘီလျံ ဒေါ်လာ ရှိပါတယ်။
ဒါပေမဲ့ အဆမတန် ချမ်းသာသူ တိုးလာတဲ့ အရေ အတွက်ကတော့ အိန္ဒိယလောက် မများပါဘူး။
၁၉၉၀ ပြည့်လွန် နှစ်လယ် ပိုင်းလောက်က Forbes မဂ္ဂဇင်းရဲ့ အချမ်းသာဆုံး လူစာရင်းမှာ အိန္ဒိယက နှစ်ယောက်ပဲ ပါပါတယ်။
၂၀၁၆ မှာတော့ ၈၄ ယောက်ထိ ရှိလာပါတယ်။ အဲဒီ ၂၀၁၆ မှာပဲ ကမ္ဘာ့ဘဏ်က ထုတ်တဲ့ စာရင်းဇယားတွေ အရ အိန္ဒိယမှာ နေတဲ့ လူ သန်းပေါင်း ၂၈၀ ဟာ ဆင်းရဲမွဲတေမှု သတ်မှတ်ချက် အောက်မှာ ရှိနေပါတယ်။
ဂျက်မားလို ကိုယ့်ထူးကိုယ်ချွန်ပြီး ချမ်းသာလာသူတွေကြောင့် တခြား စီးပွားရေးတွေကို အထောက်အကူဖြစ်စေ
ဆင်းရဲတဲ့ နိုင်ငံတွေမှာ အဆမတန် ချမ်းသာလွန်းသူတွေ ပိုများလာပေမယ့် အဲဒီနိုင်ငံတွေမှာပဲ အလုပ်ကြိုးစားပြီး အကျိုးခံစားခွင့် မရကြသူတွေလည်း ရှိနေပါတယ်။
ဒါပေမဲ့ ဆင်းရဲတဲ့ နိုင်ငံတွေမှာ လူချမ်းသာတွေ နဲ့ ချမ်းသာတဲ့ကုမ္ပဏီတွေ များလာတာကတော့ စီးပွားရေး ကောင်းမွန်လာတာကို ထင်ဟပ်ပြနေပါတယ်။
ကုန်ထုတ်လုပ်မှု တိုးလာတာဟာ လူနေမှု အဆင့်အတန်းတွေ တိုးတက်ကောင်းမွန်လာခြင်းရဲ့ အဓိက ရင်းမြစ် မြစ်တယ်လို့လည်း ကမ္ဘာ့ဘဏ်ရဲ့ စီးပွားရေး ပညာရှင် Caroline Freund က ပြောပါတယ်။
*အလီဘာဘာရဲ့ ပဲ့ကိုင်ရှင် ဂျက်မား တည်ထောင်သူအဖြစ်ကနေ နုတ်ထွက် *အလီဘာဘာ အမေရိကန် ဈေးကွက်ကို ထိုးဖောက်ဖို့ပြင် ဥပမာ တရုတ်နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုကဏ္ဍမှာဆိုရင် ၂၀၀၉ ကနေ ၂၀၁၃ ကြား အလုပ်သမားတွေရဲ့ ပျမ်းမျှလုပ်အားခ ၃ ဆထိ တိုးလာပါတယ်။
တရုတ်ရဲ့ ထုတ်လုပ်မှု ကဏ္ဍမှာ ၂၀၀၈ နောက်ပိုင်း ပျမ်းမျှ နှစ်စဉ် လုပ်ခ ဒေါ်လာ ၃၅၀၀ ကနေ ဒေါ်လာ ၉၅၀၀ ဝန်းကျင်အထိ တိုးလာ
၂၀၂၅ လောက်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာနေတဲ့ ဈေးကွက်တွေမှာ အချမ်းသာဆုံးကုမ္ပဏီတွေ အခုထက် ပိုများလာမယ်လို့ စီးပွားရေး အတိုင်ပင်ခံကုမ္ပဏီ McKinsey က ပြောပါတယ်။
Credit: BBC