ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း နှင့် ရခိုင်ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံတို့သည် အောက်တိုဘာ ၈ ရက်တွင် မောင်တောမြို့နယ် လှဖိုးခေါင်ကြားစခန်းတွင် ဆောက်လုပ် ရေးဝန်ကြီးဌာန မောင်တောခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူတည်ဆောက်သော ပြန်လည်ဝင်ရောက်လာမည့် သူများအတွက် Assemble Board House အလုံး ၉ဝ၊ အဝီစိတွင်းများ၊ အုတ်ရေကန်များ၊ သန့်စင်ခန်းများနှင့် ပတ်လမ်းကျောက်ခင်းခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါ လုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် စခန်းအတွင်းCITF ၏ ကြီးကြပ်မှုဖြင့် ဆောက်လုပ်ပြီးစီးနေသော အဆောက် အအုံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ကြိမ်ချောင်းတောင် အိမ်ရာစခန်းသို့ ရောက်ရှိကြရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူဆောက်လုပ် နေသော အိမ်ရာအဝင်လမ်းနှင့် မျက်နှာစာလမ်း ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို လည်းကောင်း၊ CITF ၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီနှစ်ခုမှ ဆောက်လုပ်နေသော အိမ်ရာများကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးရာ ဌာနနှင့် CITF မှ တာဝန်ရှိသူများက ရှင်းလင်းတင်ပြ သည်။ ထို့နောက် ယင်းစခန်းတွင် ဂျပန်အစိုးရမှ ဆောက်လုပ်လှူဒါန်းမည့် အိမ်ရာ ၆၅ လုံးနှင့် လူထု အခြေပြုဗဟိုဌာနတစ်ခု ဆောက်လုပ်ရန်အတွက် မြေနေရာများ သတ်မှတ်ပေးခဲ့ကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် မောင်တော-ကြိမ်ချောင်း-ဗန္ဓုလလမ်းတစ်လျှောက် တိုးတက်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ညနေပိုင်းတွင် အိုးထိန်းရွာစခန်းသို့ ရောက်ရှိခဲ့ကြသည်။ ထိုစခန်းတွင် ဆောက်လုပ်ရေးဝန်ကြီး ဌာနမှ တာဝန်ယူတည်ဆောက်နေသော အိမ်ရာစခန်း အဝင်လမ်းနှင့် မျက်နှာစာလမ်း ကျောက်ခင်းခြင်းလုပ်ငန်း များကို လည်းကောင်း၊ CITF ၏ ကြီးကြပ်မှုဖြင့် ကုမ္ပဏီ လေးခုမှ အိမ်ရာများတည်ဆောက်ပြီးစီးနေမှု အခြေအနေ များကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထို့နောက် ယင်းစခန်းတွင် ဂျပန်အစိုးရမှ ဆောက်လုပ်လှူဒါန်းမည့် အိမ်ရာ ၆၅ လုံးနှင့် လူထုအခြေပြုဗဟိုဌာန တစ်ခု တည်ဆောက်ရန်အတွက် မြေနေရာကြည့်ရှုကြပြီး မြေနေရာများ သတ်မှတ်ပေးခဲ့ကြသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယနေ့တွင် Asia World Co.,Ltd. မှ တာဝန်ယူတည်ဆောက်နေသော မောင်တော-အငူမော်လမ်းတစ်လျှောက် ၃၈ ကီလိုမီတာ တွင် လမ်းဖြောင့်ဆောင်ရွက်မည့်နေရာကိုလည်းကောင်း၊ ၂၄ ကီလိုမီတာအနီးတွင် ကွန်ကရစ်လမ်းခင်းထားမှု အခြေ အနေကိုလည်းကောင်း ကြည့်ရှုကြသည်။
ယင်းနောက် လုပ်ငန်းခွင်ရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ပြီး ကုမ္ပဏီမှ တာဝန်ရှိသူများက ၎င်းတို့ တာဝန်ယူဆောင်ရွက်နေသော ကွန်ကရစ်လမ်းခင်းမည့် အစီအစဉ်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက နည်းပညာ ဆိုင်ရာ လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
Credit: The Mirror