ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မီးလင်းအခေါက်(၁၆ပဲရည်)ရွှေဈေးကွက်အတွင်းပစ္စည်းရှားလာသည့်အတွက် တစ်ကျပ်သား ကျပ် ၉၉- ၄ဝဝဝ မှ ကျပ် ၉၉၆ဝဝဝ သို့ ပြန်လည် ရောက်ရှိလာကြောင်းသိရသည်။
ယခုရက်ပိုင်းအတွင်း ဈေးကွက်အတွင်း အပ်ထည်ပစ္စည်းလုပ်ရန် ဝယ်ယူမှုများလာပြီးပြန် ရောင်းသူနည်းလာခြင်းနှင့် ယခုရာသီသည် ရွှေအထွက်နည်းခြင်းတို့ ကြောင့် ရွှေဈေးမှာ အောက်တိုဘာ ၅ ရက် ပေါက်ဈေးနှင့်ယှဉ်လျှင် ကျပ် ၄ဝဝဝ မှ ၆ဝဝဝ အထိ ပြန်တက်လာခြင်းဖြစ်ကြောင်း ရွှေဈေးကွက်အသိုင်းအဝိုင်းမှ သိရသည်။
တိတ်စိန်ရွှေဆိုင်ပိုင်ရှင် ဦးဇော် အောင်က ''ခုဖြစ်နေတဲ့ဈေးက ဈေးကစားပြီး ဆွဲတင်လို့တက်လာတဲ့ ဈေးမဟုတ်ဘူး။ ဈေးကွက်ထဲမှာ ပစ္စည်းရှားသွားလို့။ ပစ္စည်းအပ်တဲ့ သူတွေ လာဝယ်တာများတယ်။ ပြန် ရောင်းတဲ့သူနည်းတော့ ဈေးကတက်လာတဲ့ သဘော ပဲ''ဟုပြောသည်။ မြန်မာနိုင်ငံတွင် ဒေါ်လာဈေး မြင့်တက်မှုနှင့်အတူ ရွှေဈေးမှာ ကျပ် ၁ဝ၄၅ဝဝဝ နီးပါးအထိ ရောက်ရှိခဲ့သည့်အတွက် အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာနက ရွှေလေပတ်ကားရောင်းဝယ်သူတချို့ကို ခေါ်ယူ စစ်ဆေးပြီး သုံးရက်မြောက်ဖြစ်သည့် စက်တင်ဘာ ၂၆ ရက်တွင် ကျပ်ဆယ်သိန်းအောက်ကို ပြန်လည်ကျဆင်းခဲ့သည်။
ပြီးခဲ့သည့် စက်တင်ဘာလ လယ်ပိုင်းကတစ်ဒေါ်လာလျှင် ကျပ် ၁၆၄ဝ ကျော်သည်အထိ မြင့်တက်ခဲ့သော ဒေါ်လာငွေလဲနှုန်းသည် အောက်တိုဘာ ၄ ရက်တွင် ပို့ကုန် ရငွေလဲနှုန်း ကျပ် ၁၅၁၈ သို့ကျဆင်းလာခဲ့ပြီးနောက် တဖြည်းဖြည်းပြန်လည်မြင့်လာရာ အောက်တိုဘာ ၈ ရက်တွင် ဒေါ်လာရည်ညွှန်းလဲလှယ်နှုန်းမှာ အနည်းငယ်ပြန်မာလာသည့်အတွက် တစ်ဒေါ်လာကျပ် ၁၅၅ဝ ခန့်သို့ ပြန်လည်မြင့်တက်လာနေကြောင်းသိရသည်။ ထို့အပြင်ရွှေဈေးကွက်တွင် လေပတ်ကားမလုပ်ဘဲ ရွှေထိငွေ ထိသာလုပ်နေကြခြင်း၊ ရွှေဈေးမှာ ကျပ်ဆယ်သိန်းအထက်သို့ ပြန် ရောက်နိုင်မည်ဟု ခန့်မှန်းသူများက ဝယ်ယူမှုများရှိလာခြင်းတို့ ကြောင့် ရွှေဈေးမှာ တရိပ်ရိပ်ပြန် တက်လာနေခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်အသင်းမှ တွဲဖက်အတွင်းရေးမှူး(စီမံ)ဦး ကြည်စိန်ကပြောသည်။
''နိုဝင်ဘာလောက်ဆိုရင် ရွှေထုတ်တဲ့သူတွေလည်း အလုပ်ပြန်လုပ်ကြသလို ရွှေစုထားတဲ့သူတွေကလည်း အလုပ်လုပ်ဖို့အတွက် ဝယ်ထားတာတွေ ပြန်ထုတ်ရောင်းကြတော့မယ်ဆိုတော့ ဈေးပြန်ကျမှာ။ ဒေါ်လာငွေလဲနှုန်းကြောင့် ကျပ်ကိုးသိန်းခွဲဝန်းကျင်လောက်နဲ့ငြိမ်မယ်လို့ခန့်မှန်းထားတယ်''ဟု ၎င်းကပြောသည်။
Credit: Yangon Media Group