ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ရန်ကုန်မြို့၏ အထင်ကရ ဖြစ်သည့် အတွင်းဝန်ရုံးအား မူလအတိုင်းပြန်လည်မွမ်းမံရေးအတွက် ကမ္ဘောဇဘဏ်မှ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည် ။
ဝန်ကြီးရုံးဟု ယခင်က ခေါ်ဆိုခဲ့ကြသည့် အတွင်းဝန်ရုံးကြီးသည် ကိုလိုနီခေတ် ဗြိတိသျှမြန်မာအစိုးရရုံးစိုက်ရာနေရာဖြစ်ခဲ့သလို အရေးပါထင်ရှားသည့် သမိုင်းကြောင်းများနှင့် ကြွယ်ဝပြီး ခေတ်သစ်သမိုင်းကို စတင်မွေးဖွားရာသမိုင်းဝင်နေရာလည်းဖြစ်သည် ။ ထို့အပြင် မြန်မာနိုင်ငံ၏ပထမဆုံးသော အခြေခံဥပဒေကို စတင် ရေးဆွဲခဲ့သည့် နေရာဖြစ်သည့်အပြင် လွတ်လပ်ရေး ရရှိချိန်၌ မြန်မာနိုင်ငံအလံကို ပထမဆုံးလွှင့်ဆင်ရာနေရာလည်း ဖြစ်ကြောင်း ၊ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အစိုးရဝန်ကြီး ခြောက်ဦးတို့ နိုင်ငံ့တာဝန်များကို အသက်ပေးထမ်းဆောင်ခဲ့သည်နေရာလည်း ဖြစ်ကြောင်း သိရသည် ။
“ ဒီလို ကောင်းမွန်တဲ့ ရည်ရွယ်ချက်တွေနဲ့ တစ်မျိုးသားလုံးအတွက် အရေးပါတဲ့ စီမံချက်ကို စီမံကိန်းချေးငွေပေးဖို့ ဆုံးဖြတ်ချက် ချမှတ်ပေးရတာ လွယ်ကူပါတယ် ။ အတွင်းဝန်ရုံးရဲ့ ပညာရေးနဲ့ ယဉ်ကျေးမှု အပေါ် အလေးထားတဲ့ ရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု ၊ စည်းလုံးညီညွတ်မှု ၊ လူမှုအသိုင်းအဝန်း တို့ကို ပေါင်းစပ်လိုက်တဲ့အတွက် ပိုပြီး အဓိပ္ပယ်ရှိသွားပါတယ် ။နိုင်ငံ့စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တစ်ထပ်တစ်အား ပံ့ပိုးပေးနိုင်မှုအပေါ် ကျွန်တော်တို့ မျှဝေထားတဲ့ အမြင်တွေကိုလည်း ပိုမိုခိုင်မာလာစေပါတယ် ” ဟု ကမ္ဘောဇဘဏ်၏ ဒုတိယ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးအောင်ကျော်မျိုက ပြောသည် ။
ပြုပြင် မွမ်းမံမှုများကိုလည်း ယခုနှစ်ကုန်အတွင် ပြီးစီးရန် ခန့်မှန်းထားကြောင်း သိရသည် ။
Credit: Shwesathtagan