ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် မြေပိုင်မရှိသူများကို မြေကွက်ချထားပေးမည်ဖြစ်ကြောင်း တမူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနိုင်ဝင်းက ပြောကြားသည်။
တမူးမြို့တွင် အမှန်တကယ်နေထိုင်သူဖြစ်ကြောင်း အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်အထောက်အထားပြနိုင်သည့် မြေပိုင်မရှိသူများကို မြေကွက်ချထားပေးမည်ဖြစ်ရာ နီးစပ်ရာ အုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာလ ၂၀ ရက်နေ့အထိ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း၊ လျှောက်ထားသူများ၏ အချက်အလက်များကို စစ်ဆေးကာ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့ထံတင်ပြပြီးနောက် ခြောက်လအတွင်း မြေကွက်ချထားပေးနိုင်ရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“မြို့ပေါ်မှာ လူဦးရေကတအားတိုးလာတယ်။ တိုးလာပြီးမှ အစိုးရကနေစနစ်တကျနေရာ ချထားပေးဖို့မရှိတဲ့အတွက် ကျူးဆိုတဲ့ပြဿနာတွေ ပေါ်လာတယ်။ ပေါ်လာတဲ့အခါကျတော့ စနစ်တကျ ဖြစ်စေဖို့ရာ မြေကွက်ချထားပေးမှာ ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းနိုင်ဝင်းက ဆိုသည်။
မြေကွက်ချထားပေးမည့် နေရာသည် တမူးမြို့ မြို့ရှောင်လမ်းဘေးဝဲယာတွင်ဖြစ်ပြီး အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေဧက၂၀၀ ကျော်ပေါ်တွင် ပေ ၄၀၊ ပေ ၆၀ မြေကွက် ၂၀၀၀ ကျော်ရိုက်ကာ မြေပိုင်မရှိသူများကို ချထားပေးမည်ဖြစ်ကြောင်း စီစဉ်သူများထံမှ သိရသည်။
ယင်းသို့ချထားပေးရန်အတွက် လမ်းဖော်ထုတ်မှု အိမ်ကွက်ဖော်ထုတ်မှုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ချထားပေးမည်ဆိုပါက မြေကွက်ကိုအခမဲ့ချထားပေးမည်ဖြစ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဘတ်ဂျက်မချပေးပါက မြေယာရှင်းလင်းမှုအတွက်စက်ယန္တရားကြီးများ အသုံးပြုခအဖြစ် မြေကွက်ရရှိသူများက ပေးချေရမည်ဖြစ်ပြီး ယင်းပေးချေရသည့် နှုန်းထားမှာ စက်ယန္တရားခသာဖြစ်၍ ဈေးနှုန်းကြီးမြင့်စွာပေးချေရမည် မဟုတ်ကြောင်း၊ ဒေသပေါက် မြေကွက်ဈေးနှုန်းအတိုင်း ပေးချေရမည်မဟုတ်ကြောင်း တမူးမြို့ဌာနဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။
“ အိမ်ထောင်ခွဲ ဒေသနေ တိုင်းရင်းသားပြည်သူတွေကို ဦးစားပေး မြေကွက်ချထားပေးစေချင်တယ်။ မြေကွက်ချထားပေးရာမှာလည်း အတတ်နိုင်ဆုံးဈေးနှုန်း လျှော့ပြီးသတ်မှတ်စေချင်တယ်။ မြေပိုင်မရှိသူတွေက ငွေကြေးမရှိတဲ့သူတွေဖြစ်တဲ့အတွက် အခမဲ့ပေးရင် ပိုကောင်းတယ် ”ဟု တမူးလူငယ်ကွန်ရက်မှ ကိုယဉ်ကိုဦးက ပြောဆိုသည်။
တမူးမြို့သည် မြန်မာ-အိန္ဒိယနယ်စပ်တွင် တည်ရှိသည့်မြို့ဖြစ်ပြီး ရပ်ကွက်လေးခုရှိကာ လူဦးရေ ငါးသောင်းကျော်နေထိုင်လျက်ရှိသည်။
Credit: The Voice