ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြန်မာနိုင်ငံသားကုမ္ပဏီ Yatanarpon Aviation Support ၏ မန္တလေး ချမ်းမြသာစည်လေဆိပ်တွင် ရဟတ်ယာဉ်ဖြင့် လေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း အပါအဝင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၈ ခုကို စက်တင်ဘာလအတွင်း၌ ခွင့်ပြုပေးထားကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှသိရသည်။
အဆိုပါ ခွင့်ပြုပေးခဲ့သော ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ ပုစွန်မွေးမြူထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းလုပ်ငန်း၊ ငါးတင်ငါးချ ဆိပ်ခံတံတားဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ Treated Water Supply လုပ်ငန်း၊ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ စက္ကူပျော့ဖတ်အမျိုးမျိုး ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းတစ်ခုတို့ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။
လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ခွင့်ပြုပေးရာတွင် ယခင်က တစ်လျှင် တစ်ကြိမ်ခန့်သာ ဆောင်ရွက်ပေးမှုကို လုပ်ငန်းများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် တစ်လလျှင် သုံးကြိမ်မှ လေးကြိမ်အထိ ထပ်တိုးခွင့်ပြုပေးလျက်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားသည်။
“လာတင်တဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ နည်းနည်းများလာပြီဆိုတာနဲ့ ချက်ချင်းခွင့်ပြုပေးဖို့လုပ်တဲ့အတွက် အခုက တစ်ပတ်ကို တစ်ကြိမ်လောက်ကို လုပ်ငန်းတွေ ခွင့်ပြုပေးနေတယ်”ဟု ၎င်းကဆိုသည်။
ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ခွင့်ပြုပေးနိုင်ရန်အတွက်လည်း တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ရင်းနှီးမြှုပ်နှံမှုကော်မတီများကို ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်းတွင် ဖွဲ့စည်းခဲ့ပြီး ယင်းကော်မတီများက မတည်ရင်းနှီးငွေ အမေရိကန် ဒေါ်လာ ငါးသန်း (သို့မဟုတ်) ကျပ်သန်း ၆၀၀၀ အထိရှိသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို စိစစ်ခွင့်ပြုပေးသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုမိန့်ပေးခြင်းကို ရက် ၉၀ နှင့် အတည်ပြုမိန့်ပေးခြင်းကို ရက် ၆၀ အတွင်း စိစစ်ခွင့်ပြုပေးရမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြာသးမှု ဦးစီးဌာနထံမှ သိရသည်။
Credit: The Voice