ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဖော့ဘ်မဂ္ဂဇင်းကြီးက ထုတ်ပြန်သော ၂၀၁၈ ခုနှစ် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ ၂၀၀၀ စာရင်းတွင် စင်္ကာပူအခြေစိုက် နာမည်ကြီး အိမ်ခြံမြေ DEVELOPER ဖြစ်သော CapitaLand မှာ အာရှတွင် ထိပ်ဆုံးအဆင့်ဖြင့် ဖော်ပြခံရကြောင်း ဗီယက်နမ်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
CapitaLand သည် ကမ္ဘာ့အဆင့်တွင် အဆင့် ၅၇ ၌ ရပ်တည်နေပြီး အာရှတွင် ထိပ်ဆုံးအဆင့် ဖော်ပြခံရခြင်း ဖြစ်သည်။
ဖော့ဘ်မဂ္ဂဇင်းကြီးက ကမ္ဘာပေါ်တွင် လေးစားမှုအခံရဆုံး ကုမ္ပဏီပေါင်း ၂၀၀၀ စာရင်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
CapitaLand သည် ပြီးခဲ့သော ၂၀၁၇ ခုနှစ်က ဖော့ဘ်မဂ္ဂဇင်းကြီး၏ အဆိုပါစာရင်းတွင် နံပါတ် ၆၈ နေရာ၌ ဖော်ပြခံခဲ့ရရာ ယခုနှစ်တွင် ကမ္ဘာ့အဆင့်၌ ၁၁ နေရာအထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။
ယခုစာရင်းပြုစုနိုင်ရန်အတွက် ဖော့ဘ်မဂ္ဂဇင်းကြီးသည် ကမ္ဘာ့နိုင်ငံပေါင်း ၆၀ မှ လူပုဂ္ဂိုလ်ပေါင်း ၁၅၀၀၀ ကျော်ကို စစ်တမ်းကောက်ယူ လေ့လာခဲ့ခြင်းလည်း ဖြစ်သည်။
ကုမ္ပဏီများ၏ ရိုးသားမှု၊ ဆက်ဆံရေးနှင့် ၎င်းတို့၏ ထုတ်ကုန်၊ ဝန်ဆောင်မှုများနှင့် စပ်လျဉ်းပြီး တစ်ဦးချင်း၏ အမြင်များကို စစ်တမ်းကောက်ယူခဲ့သည်။
CapitaLand ၏ အမှုဆောင်အရာရှိချုပ် လီချီကွမ်က ယခုကဲ့သို့ အသိအမှတ်ပြုခံရခြင်းအပေါ် များစွာဂုဏ်ယူမိကြောင်း ပြောကြားသည်။
“အရည်အသွေးမြင့်တဲ့ အိမ်ခြံမြေထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေ ပေးအပ်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းခဲ့တာတွေနဲ့ စပ်လျဉ်းပြီး ဒါက အကောင်းဆုံးသက်သေခံချက်ပါပဲ။
ကျွန်တော်တို့ရဲ့ စီမံကိန်းတွေဟာ ကမ္ဘာ့နိုင်ငံပေါင်း ၃၀ ကျော်က မြို့ကြီးပေါင်း ၁၅၀ ကျော်မှာ ဖြန့်ကျက်တည်ရှိပါတယ်” ဟုလည်း မစ္စတာ လီချီကွမ်က ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)